ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့အကျဥ်းထောင်တွင်၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က နိုင်ငံရေးအကျဥ်းသားများဆန္ဒပြမှုကို စစ်ကောင်စီတပ်ဖွဲ့ များမှအကြမ်းဖက်ဖြိုခွင်းခံခဲ့ရသည်။

ထိုအကြမ်းဖက်ဖြိုးခွင်းခံရမှု ၇ လအကြာတွင် ပါ၀င်ခဲ့သူများဟု စွတ်စွဲထားသည့် အကျဥ်းသား ၆၂ ဦးကို ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၃ နှစ်ထပ်တိုးအမိန့်ချလိုက်ကြောင်းသိရှိရသည်။

“ထောင်စည်ကမ်းဖောက်လို့ ထောင်ဆူအောင်လုပ်လို့အကုန်လုံးကို ပုဒ်မ ၄၂ နဲ့ ၃နှစ်ချလိုက်တာ “ဟု ပုသိမ်အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးကဧရာ၀တီတိုင်းမ်သို့ပြောသည်။

ပုသိမ်ထောင် ဆန္ဒပြမှုတွင် ဦးဆောင်သူအဖြစ် စွပ်စွဲခံရသူ ၈ ဦးကို တိုက်ပိတ်ထားပြီးကျန်အကျဥ်းသား ၆၂ ဦးကို ပေ ၄၀ အကျယ်ရှိ အခန်းတစ်ခုတွင် စုပေါင်းထားကာ သံခြေခြင်းဒေါက်ခတ်ထားသလို တစ်နေ့ကို ရေချိုးချိန်နာရီ၀က်သာ အခန်းပြင်ထွက်ရသည်ဟု ၎င်းမှဆက်လက်ပြောဆိုသည်။

“ဆန္ဒပြတုန်းကပါ၀င်တဲ့လူတွေကို အညိုးထားပြီး နိပ်စက်နေတာပါ။ ညဘက်ရောက်ရင် တစ်နေ့ကို၂ ဦး၊ ၃ ဦးစီခေါ်ပြီး ရိုက်တယ်။ ခြေထောက်မှာ သံထောက်တွေခတ်ထားတော့ ညဘက်အိပ်ရင် တစ်ချို့ဆိုမတ်တပ်အိပ်ရတယ်”ဟု ပုသိမ်အကျဥ်းထောင် မှလွှတ်မြောက်လာသူတစ်ဦးက ဧရာ၀တီတိုင်းမ် သို့ပြောသည်။

ပုသိမ်ထောင်တွင် ဇန်နဝါရီလ ၆ ရက်နေ့က နိုင်ငံရေးအကျဥ်းသား ၈ ဦးကို တစ်ညလုံးခေါ်ယူနိပ်စက်ခဲ့ပြီး တစ်ဦးပျောက်ဆုံးနေရာမှ ဆန္ဒပြမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းထောင်မှ ပြန်လွတ်လာသူများမှ ဆိုသည်။

စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင်ဟောင်း နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး(ခ)ရာစု ကျဆုံးခဲ့ကာ အခြားအကျဉ်းသားပေါင်း ၆၄ ဦး ဒဏ်ရာရရှိခဲ့ပြီး နိုင်ငံရေးအကျဥ်းသားအချို့ကိုလည်း ထောင်အာဏာပိုင်များကပုဒ်မ၄၂နဲ့ စစ်ဆေးအရေးယူမှုများပြုလုပ်ပြီး ထောင်၀င်စာပိတ်သိမ်းကာ နိပ်စက်ညှင်းပန်းမှုများပြုလုပ်ခဲ့ကြောင်းအကျဥ်းဦးစီးဌာနနဲ့နီးစပ်သူများထံကသိရှိရသည်။

#ပုသိမ်အကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသားများ #နှစ်တိုးထောင်ဒဏ်ချမှတ် #Ayeyarwaddy_Times