ဧရာဝတီတိုင်းမ်
(ချင်း)၊ ဇူလိုင် ၁၂ ရက်

ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သား ၁၀၀ ကျော်သေဆုံး၍ ဒဏ်ရာရရှိသူစုစုပေါင်း ၂၀၀ နီးပါးအထိရှိလာခဲ့ပြီး ဒေသခံများအနေဖြင့် လေကြောင်းဒဏ်ကာကွယ်နိုင်မည့် ဗုံးခိုကျင်းများပြုလုပ်ကြရန် ချင်းရေးရာအဖွဲ့ချုပ်(ICA)က တိုက်တွန်းထားသည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ နှင့်တိုက်ပွဲပြင်းထန်သော နေရာများကို ဦးတည်တိုက်ခိုက်ခြင်းအပြင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နေရာများနှင့် ဒေသခံပြည်သူများနေထိုင်သော ကျေးရွာများကို ရည်ရွယ်ချက်ရှိ ရှိဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

“လေကြောင်းတိုက်ခိုက်မှုတွေက စစ်ကောင်စီက ဒီထက်ပိုပိုသုံးလာမယ်လို့ ခန့်မှန်း ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီအတွက် ကုန်းကြောင်းကတော့ အန္တရာယ် အရမ်းများတဲ့ အနေအထားမှာ ရှိတဲ့အတွက် လေကြောင်းတွေ ပိုမိုသုံးလာမယ်။ ပြည်သူ တွေအနေနဲ့ ပုန်းခိုကျင်းကို အဖြစ်သဘောနဲ့ မဟုတ်ဘဲနဲ့ လမ်းညွှန်ချက်တွေအတိုင်း လေကြောင်းတိုက်ခိုက်ဒဏ်ကို ခံနိုင်မယ့်ဗုံးခိုကျင်းတွေကို တည်ဆောက်ကြဖို့ ပြောချင် ပါတယ်”ဟု ချင်းရေးရာအဖွဲ့ချုပ်(ICA)လက်ထောက် ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီး ဆန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအသုံးပြုလာခြင်းကြောင့် ပြည်ပရောက် ချင်းပြည်သူများအနေဖြင့် ပြည်တွင်းရှိဒေသခံများအတွက် မိမိတတ်စွမ်းနိုင်သလောက် ဝိုင်းဝန်း၍ ပါဝင်ကူညီပေးကြရန်လည်း ချင်းရေးရာအဖွဲ့ချုပ်က တိုက်တွန်း ထားသည်။

လေကြောင်းရန်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ချင်းရေးရာအဖွဲ့ချုပ်၊ မင်းတပ် မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏဆိုသလို အသိပေးထုတ် ပြန်ချက်များ ထုတ်ပြန်ထားသော်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းဒေသခံများ ဆက်လက်သေဆုံးလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

“ဘယ်ဒေသတွေကို အဓိကလေကြောင်းတိုက်ခိုက်သလဲဆိုတာ ပြောလို့တော့ခက် တယ်။ အလွယ်ပြောရရင်တော့ တိုက်ပွဲပြင်းထန်တဲ့နေရာတွေမှာ အသုံးပြုလာတာ တွေ့ရတယ်။ ဒေသခံကာကွယ်ရေးတပ်တွေ အင်အားများတဲ့နေရာမှာ ပိုပိုပြီးတော့ အသုံး ပြုလာတာ တွေ့ရတယ်”ဆလိုင်းဗန်ဆွီးဆန်က ဆက်လက်ပြောဆိုသည်။

မင်းတပ်မြို့နယ်၊ မရှိန်းလျှော်ကျေးရွာအုပ်စု၊ ဝုမ်းခုန်ရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အမျိုးသမီး တစ်ဦးအပါအဝင် ဒေသခံအမျိုးသမီးသုံးဦးသေဆုံးခဲ့ကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီက မင်းတပ်မြို့နယ်၊ ဝုန်းခုန်ရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ဒေသခံများနှင့် ထိခိုက်ပျက်စီးမှုများ။
#ချင်းပြည်နယ် #စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု #ဒေသခံအရပ်သား #၁၀၀ကျော်သေဆုံး #ဒဏ်ရာရရှိသူ၂၀၀ #Ayeyarwaddy_Times