ဧရာဝတီတိုင်းမ်
(သထုံ)၊ ဇူလိုင်လ ၁၂ ရက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-၁ ခြေမြန်တပ်ရင်းကို ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်က ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရသည်။

သထုံမြို့နယ်အခြေစိုက် ခမရ-၁ တပ်ရင်းသို့ ကျိုက်ထိုအခြေစိုက် တပ်မ(၄၄)ဌာနချုပ်မှ တပ်မမှူးလာရောက်သည့်အချိန်တွင် ဒရုန်းအသုံးပြုကာ ၄၀-မမ၊ AKခွင်းဗုံးများဖြင့် တိုက်ခိုက်ခဲ့ပြီး အဆိုပါတပ်ရင်းအနီးရှိ စစ်ကောင်စီကင်းအဖွဲ့ကိုလည်း မိုင်းဆွဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

“ထိခိုက်မှုတွေတော့မသိရသေးဘူး။ ကျိုက်ထိုတပ်မ(၄၄) တပ်မမှူး‌က မနက်၄နာရီ လောက်မှာ ရောက်လာတယ်လို့သိရတယ်။ အဲ့တာကြောင့် ကျွန်တော်တို့က သူတို့ မနက်ပိုင်း တန်းစီနေတဲ့အချိန်မှာ ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့တာပါ။ ဒရုန်းနဲ့ နှစ်ကြိမ်၊ လမ်းကင်းကို မိုင်းဆွဲတာ တစ်ကြိမ်တိုက်ခိုက်ခဲ့တယ်” ဟု သထုံ(ပကဖ)တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခမရ-၁ သို့ တပ်မမှူးရောက်ရှိနေချိန်တွင် တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီ တပ်သည် ပန်းခြံကုန်းရွာ၊ ညာဓဝယ်ရွာစသည့် ဓနုကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် တစ်နေကုန်ပစ်ခတ်ခဲ့ပြီး ညပိုင်းအချိန်အထိ ရဟာတ်ယာဉ်များဖြင့် ပျံသန်းစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျိုက်ထိုမြို့နယ်တွင် ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့၌ပင် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် သွားလာနေသည့် ကား ခုနစ် စီးပါစစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution Force ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – ‌အင်တာနက်(ပုံအဟောင်းကိုအသုံးပြုထားသည်)

#မွန်ပြည်နယ် #သထုံ #ခမရ၁ #တပ်မ၄၄ #တပ်မမှူး #တိုက်ခိုက်ခံရ #ဒရုန်း #သထုံပကဖ #Ayeyarwaddy_Times