နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်
ကရင်ပြည်နယ် ၊ မြဝတီမြို့အခြေစိုက် အမှတ် (၂၇၅) ခြေလျင်တပ်ရင်းကို ယမန်နေ့ ဇူဘိုင်လ ၁၁ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များမှ မောင်းသူမဲ့လေယာဥ်အသုံးပြု၍ ပထမဦးဆုံးအကြိမ်အဖြစ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်တစ်ဦး၊ ဗိုလ်ကြီးအဆင့်တစ်ဦး သေဆုံးပြီးအခြား အဆင့်အချို့ပါ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်မြေပြင် သတင်းရင်း မြစ်များ ထံကသိရသည်
ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် အမှတ် (၂၇၅) ခြေလျင်တပ်ရင်း (ခလ၇-၂၇၅)သည် မြို့ပေါ်မှနေ၍ ၁၂၀-မမ လက်နက်ကြီးများဖြင့် ကျေးရွာများ ကိုရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေသည့် တပ်ရင်းဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။
“ ကရင်ပြည်နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ဖြစ်နေတာ ၅ ရက်နေ့ကတည်းကပါ။ ဒရုန်းအဖွဲ့က ဝိုင်းဝန်းတိုက်ခိုက်ပေးနေသလို မောင်းသူမဲ့ လေယာဉ်ကို အသုံးပြုပြီးလည်း ပစ်ခတ်ခဲ့ပါတယ်။ မောင်းသူမဲ့ လေယာဉ်နဲ့ ပစ်ခတ်တာ စစ်ကောင်စီတပ်က အရာရှိ နှစ်ဦး သေပြီး အခြားအဆင့် တချို့လည်း ထိခိုက်ဒဏ်ရာ ရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့မှစတင်၍ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ခြေကုပ်ယူထားသည့် စိမ်းလဲ့မြိုင် ဒေသအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာ၍ KNU ၊ KNLA ၊ PDF ၊ Cobra Column တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ထံကသိရသည်။
ပုံစာ-တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် မောင်းသူမဲ့လေယာဥ်တချို့ကိုတွေ့ရစဉ်
#ကရင်ပြည်နယ် #မြဝတီမြို့ #ခလရ၂၇၅တပ်ရင်း #မောင်းသူမဲ့လေယာဥ် #ပထမဦးဆုံး အကြိမ်တိုက်ခိုက် #စစ်ကောင်စီတပ် #အရာရှိ၂ဦးသေဆုံး #Ayeyarwaddy_Times