ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်

ကျပ်ငွေတန်ဖိုးကျဆင်းပြီး နိုင်ငံခြားငွေဈေးနှုန်း မြင့်မားနေခြင်းကြောင့် ပြည်ပမှတင်သွင်းသည့် အိမ်သုံးဆေးဝါးများမှာ ယခင်ကထက် ဈေးနှစ်ဆဝန်းကျင် ထိုးတက်သွားကြောင်း ဆေးဝါးအရောင်းဆိုင် ပိုင်ရှင်များထံမှ သိရှိရသည်။

မြန်မာနိုင်ငံဆေးဝါးဈေးကွက်သည် ပြည်ပမှတင်သွင်းသော ဆေးဝါးများကို ၈၀ ရာခိုင်နှုန်း မှီခိုနေရပြီး နိုင်ငံခြားငွေလဲနှုန်း မြင့်မားလာချိန်တွင် ဆေးဝါးကုမ္ပဏီများနှင့် လက်ကားဖြန့်ဖြူးသော ဆေးဝါးကုန်သည်များ ဈေးကစားမှုသည်လည်း အိမ်သုံးဆေးဝါးဈေးနှုန်း ထိုးတက်လာခြင်းအတွက် အချက်တချက်ဖြစ်ကြောင်း ကျောက်ဆည်မြို့မှ ဆေးဆိုင်ပိုင်ရှင်တဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

“အခုက ဆေးရောင်းရတာ ခေါင်းခြောက်စရာပဲ။ ဥပမာ လူသုံးများတဲ့ ဘိုင်အိုဂျက်ဆစ်တစ်ကတ်ကို အရင်က ၅၀၀ ပဲပေးရတာကနေ အခုက ၁၀၀၀ ကျော် ၁၂၀၀ လောက်ဖြစ်နေပြီ။ လက်ကျန်တွေကို အရင်ဝယ်ဈေးနဲ့ ရောင်းလိုက်ဝောာ့ အသစ်ထပ်ထည့်ရင် ဈေးက နှစ်ဆကျော်ဖြစ်သွားတော့ ကိုယ့်မှာ အရင်းတောင် မကျန်တဲ့ အခြေအနေမျိုးဖြစ်သွားတယ်။ ဆေးတွေဈေးတက်တာက ဆေးကုမ္ပဏီတွေနဲ့ ကုန်သည်တွေ ဈေးကစားတာကြောင့်လည်း ပါတယ်” ဟု အဆိုပါဆေးဆိုင်ပိုင်ရှင်က ပြောသည်။

ထိုင်း၊ တရုတ်၊ အိန္ဒိယစသည့် နိုင်ငံများမှ ဆေးဝါးများ အဓိကတင်သွင်းသုံးစွဲနေရသည့် မြန်မာနိုင်ငံတွင် နာတာရှည်ကျန်းမာရေးပြဿနာရှိသော လူနာများမှာ ရေရှည်တွင် ၎င်းတို့အတွက်အရေးပါသည့် ဆေးဝါးများ ရရှိကုသနိုင်ရန် ခက်ခဲသောအခြေအနေ ရောက်လာနိုင်ကြောင်း ဆေးဝါးဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
“ဝင်ငွေတွေက တိုးမလာဘဲ စားရေးနဲ့ ကျန်းမာရေးအတွက် မဖြစ်မနေလိုအပ်တဲ့ပစ္စည်းတွေကျ ဈေးတွေက အဆမတန်တက်လာတယ်။ ကျန်းမာရေးနဲ့ စားရေးကို ဟန်ချက်ညီအောင် လိုက်ဖြည့်နေရတယ်။ အရင်က တကတ် ၅၀၀ လောက်ပဲပေးရတဲ့ အအေးမိ၊ တုပ်ကွေးဖြစ်ရင်သောက်ရတဲ့ဆေးတွေက အခုကျ တထောင်ကျော်ဖြစ်ကုန်ပြီ။ အိမ်မှာဆောင်ထားရမယ့်ဆေးတွေ ဖြစ်နေတော့လည်း စားတဲ့ထဲကလျှော့ပြီး ဝယ်ထားရတာပေါ့” ဟု ရန်ကုန်မြို့ရှိ အိမ်ရှင်မတဦးကလည်း ဧရာဝတီတိုင်းမ်ကို ယခုကဲ့သည်။

ဇွန်လ ၂၀ ရက်တွင် ပြည်တွင်းဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) နှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) တို့ကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုပြီးနောက် ပြည်တွင်းနိုင်ငံခြား ငွေလဲလှယ်နှုန်း မြင့်မားလာခဲ့ပြီး ပြည်ပမှတင်သွင်းရသည့်ကုန်ပစ္စည်းများ အဆမတန်ဈေးတက်လျက်ရှိသည်။

#နိုင်ငံခြားငွေ #မြင့်တက် #ဆေးဝါးဈေး #နှစ်ဆတက်
#Ayeyarwaddy_Times