ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်
ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ၎င်း၏ စစ်ကောင်စီအဖွဲ့ဝင်များသည် မိုခါမုန်တိုင်းသင့် ကူညီထောက်ပံ့ရေး လုပ်ဆောင် နေကြောင်းပြောကြားသော်လည်း မုန်တိုင်းသင့်ဒေသခံများကို စစ်ကောင်စီ၏ ကူညီထောက်ပံ့မှု မရှိဘဲ ဟန်ပြလာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ၎င်း၏ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒေါက်တာအောင်ကျော်မင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အပါအဝင် စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီးများသည် ယမန်နေ့ ဇူလိုင် ၁၀ ရက်နေ့က ရခိုင်ပြည်နယ်သို့ ဒုတိယအကြိမ်အဖြစ် ရောက်ရှိနေခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်သည် ရသေ့တောင်တပ်နယ်နှင့် ဘူးသီးတောင်တပ်နယ်ရှိ စစ်ကောင်စီ တပ် မိသားစုများ အပါအဝင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများစားသောက်နေထိုင်ရေးနှင့် ပညာသင်ကြားနိုင်ရေး၊ စားနပ်ရိက္ခာပြတ်လပ်မှု မရှိစေရေး၊ အခြေခံစားသောက်ကုန်များ၊ သောက်သုံးရေနှင့် အမယ်စုံပစ္စည်းများကို ဒေသခံပြည်သူများထံ ဖြန့်ဝေပေးကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူများ၏ နေအိမ်များပြန်လည်ပြုပြင်နိုင်ရေးအတွက် သစ်၊ သံ၊ သွပ်၊ တာပေါ်လင်စများကို အချိန်နှင့်တပြေးညီဖြန့်ဝေးပေးခဲ့ကြောင်းလည်း ၎င်းက ဆိုထားသည်။
“စစ်ကောင်စီဆီက ထောက်ပံ့မှုမရကြပါဘူး။ ပျက်စီးတာက အများကြီးပဲ။ လူမှု ကူညီရေး အဖွဲ့ထောက်ပံ့တာကို မမီဘူး။ စစ်တွေမြို့ပေါ်ရော ရသေ့တောင်မှာရော တာလပတ် မိုးပြီးနေနေရတဲ့ အိမ်တွေရှိတယ်။ ဒီတစ်မိုးတော့ ဒီလိုပဲနေတော့မယ် ဆိုပြီး နေကြတာ။ အကုန်လုံးက ကိုယ်ထူကိုယ်ထလုပ်ရတာပဲ။ ကျောင်းတွေလည်းပြန်မပြင်နိုင်သေးဘူး။ တချို့အစိုးရဌာန(စစ်ကောင်စီဌာန)တွေကိုတော့ တာလပတ် မိုးထားတာတာပဲ” ဟု ရသေ့တောင်မြို့နယ် ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ ထောက်ပံ့မှုအနေဖြင့် စက္ကူထက်ပါးလွှာသည့် သွပ်ပြားအနည်းငယ်နှင့် ဆန်အနည်းငယ်သာရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
လက်ရှိတွင် မိုခါမုန်တိုင်းဒဏ်ခံရသည့်ရခိုင်ပြည်နယ်ဒေသခံများသည် ကိုယ်ထူ ကိုယ်ထဖြင့်သာ ရုန်းကန်နေရပြီး အချို့မှာ စုဆောင်းထားသည့်များကို ထုခွဲရောင်းချ၍ ပျက်စီးသွားသောနေအိမ်များပြုပြင်နေရသည်။ စစ်ကောင်စီက ပြန်လည်ထူထောင်ရေး ဟုဆိုကာ ပြောဆိုမှုများ ရှိနေသော်လည်း ထူထောင်ရေးအဆင့် မရောက်သေးကြောင်း ရခိုင်ပါတီတစ်ခု၏ စစ်တွေမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။
“အခုထက်ထိတော့ မုန်တိုင်းသင့်သူတွေမှာ တချို့ရွာတွေဆို ဆန်အနည်း ငယ်ရတဲ့ရွာရှိလည်း အရေအတွက်အင်မတန်နည်းတဲ့အခြေအနေမျိုးပဲ။ စားဝတ်နေရေး အတွက်ရှိတာကိုထုခွဲရောင်းချပြီး စားသောက်နေရတယ်။ နိုင်ငံတကာအကူအညီ ကြီးကြီးမားမား ရဖို့လိုတယ်လို့မြင်တယ်။ မရဘူးဆိုရင် ရခိုင်ပြည်သူတွေ အတွက်က ကိုယ့်အားကိုယ့်ကိုယ်ပြီး ဖြစ်သလိုဘဝကိုစိန်ခေါ်ရမယ့်အခြေအနေပဲ” ဟု စစ်တွေမြို့ခံ က ဆိုသည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများရှိ နေအိမ် ၉၀ ရာခိုင်နှုန်း နီးပါးပျက်စီးခဲ့ရပြနီး ရခိုင်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့မှ လူဦးရေ ၁၄၈ ယောက်သေဆုံးခဲ့ပြီး ဆုံးရှံးမှုတန်ဖိုး ကျပ် ၅၂၂ ဘီလီလံရှိကြောင်းသိရသည်။
လက်ရှိတွင် မိုဒါမုန်တိုင်းဒဏ်သင့်ပြည်သူများကို နိုင်ငံတကာက ကူညီထောက်ပံ့မှု များပေးနိုင်ရန်နှင့် ရခိုင်ပြည်နယ်တွင် သွားလာခွင့်အလျင်အမြန် ပြန်လည်ခွင့်ပြုပေးရန် အပါအဝင် အသက်ကယ်ဆယ်ရေး အကူအညီများကိုပြန်လည်ဆောင်ရွက်ခွင့်ပြုရန် UNOCHA က တောင်းဆိုလျက်ရှိသည်။
မိုခါမုန်တိုင်းဒဏ်ခံရသူဦးရေ ၁ ဒသမ ၆ သန်းကို ကူညီနိုင်ရန် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းလျာထားရာတောင်းခံထားရာတွင် ၂၄ ဒသမ ၂ သန်းသာရရှိသေးသဖြင့် ဆက်လက်ထည့်ဝင်ပေးရန်လည်း ယင်းအဖွဲ့က တောင်းဆိုထား သည်။
ဓာတ်ပုံ – စစ်ကောင်စီသတင်းဌာန
#စစ်ကောင်စီ #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #ရခိုင်ပြည်နယ် #မိုဒါမုန်တိုင်းဒဏ်သင့် #ထောက်ပံမှုမရ #ပြည်လည်ထူထောင်ရေးခက်ခဲ #UNOCHA #Ayeyarwaddy_Times