နွေမင်းတာန်/ဧရာ၀တီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာရှိ စစ်ကောင်စီကင်းစခန်းကို ယနေ့ ဇူလိုင် ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ချင်းကာကွယ်ရေးတပ်ပေါင်းစုက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အမြောက်အများသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီကင်းစခန်းကို ယနေ့ နံနက် ၅နာရီ၃၀မိနစ်မှ စတင်၍ နေ့လယ် ၁၂ နာရီအထိ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ကာကွယ်‌ရေးတပ်ပေါင်းစုမှ ရဲဘော် လေးဦး ကျဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း PDF Zoland နှင့် CDF CDM-Siyin က ထုတ်ပြန်သည်။

“စစ်ကောင်စီ ဘက်ကတော့ သေဆုံးမှုများတယ်။ ဒဏ်ရာရတဲ့သူလည်း မနည်းဘူး။ သူတို့ဘက်က လက်နက်ကြီးပစ်ကူကော၊ လေကြောင်းနဲ့ပါ တိုက်လာတာမို့ ကျွန်တော် တို့အနေနဲ့ ပြန်ဆုတ်လိုက်ရတယ်။ ကျဆုံးရဲဘော် နှစ် ဦးရဲ့ အလောင်းကို ကောက်ယူနိုင်ခဲ့ပါတယ်” ဟု မြေပြင်တိုက်ပွဲတွင် ပါဝင်သူ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် ကလေးမြို့မှနေ၍ စစ်ကူရန်လာသည့် စစ်ကောင်စီတပ်ကား ငါး စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရှေ့သို့ ဆက်တက်နိုင်ခြင်း မရှိကြောင်း သိရသည်။

“ကလေးမြို့ကနေ စစ်ကူလာတဲ့ စစ်ကား ငါး စီးကိုလည်း ကျွန်တော်တို့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်။ စစ်ကား အားလုံး ရှေ့မဆက်နိုင်ဘဲ သောင်တင်နေတယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်က ဆက်လက်ပြောကြားသည်။

ယနေ့ သိုင်းငင်းရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများသဖြင့် စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်ဖြင့် သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သိုင်းငင်းရွာရှိ စစ်ကောင်စီကင်းစခန်းကို ချင်းကာကွယ်ရေးတပ်ပေါင်းစုဖြစ်သည့် Civic Defense Militia – Siyin, PDF Zoland, Mountain Eagle တပ်ရင်း ၅၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)၊ Tahan Civil Defence Force (TCDF)၊ Chinland Defence Force (Kalay, Kabaw, Gangaw) တပ်ရင်း (၇၊) People Defence Army (PDA)၊ People’s Defence Force – Kalay နှင့် S2 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ- PDA ရဲဘော်များ ‌ရှေ့တန်းစစ်မြေပြင်တစ်နေရာ (ပုံဟောင်း)
#ချင်းပြည်နယ် #သိုင်းငင်းရွာ #စစ်ကောင်စီတပ်စခန်း #ချင်းကာကွယ်ရေးတပ်ပေါင်းစု #စစ်ကောင်စီတပ်သား #သေဆုံးမှုများ #လက်နက်ကြီး #တိုက်လေယာဉ် #ဗုံးကြဲ #ရဲဘော်၄ဦးကျဆုံး #Ayeyarwaddy_Times