နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်

အာဏာသိမ်း စစ်ကောင်စီသည် အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများအား လက်လွတ်စပယ် ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေပြီး ထိုလုပ်ရပ်သည် ပြည်တွင်း ဥပဒေများကိုသာမက နိုင်ငံတကာ ဥပဒေများကိုပါ ကျူးလွန်နေသည်မှာ အထင်အရှား ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယမန်နေ့ဇူလိုင်လ ၁၀ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ထိုသို့ကျုးလွန်မှုများကို ပြည်တွင်းတရားစီရင်ရေးကဏ္ဍအတွင်း ကိုင်တွယ်အရေး ယူနိုင်ခြင်း မရှိသည့်အတွက် နိုင်ငံတကာတရားစီရင်ရေး ယန္တရားများတွင် အရေးယူ နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြရန်လည်း AAPP က ဆိုထားသည်။

စစ်ကောင်စီ၏ သတ်ဖြတ်မှုများသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုးများကို ဥပဒေမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ဖက်ဆစ်နာဇီတို့၏ လုပ်ရပ်များနှင့် ထပ်တူ ဖြစ်နေသလို အကျဉ်းထောင် လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့ မတရားညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်ခြင်းတို့သည် ကြီးမားသောရာဇဝတ်မှုကို ကျူးလွန်လိုက်သည့် လုပ်ရပ်ဖြစ်ပြီး အာဆီယံ လူ့အခွင့် အရေး ပဋိညာဉ်ကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းပင် ဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောအကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်က ခေါ်ထုတ်သွားပြီးနောက် နိုင်ငံရေးအကျဉ်းသား ၃၇ ဦးမှာ ပျောက်ဆုံးနေခဲ့ပြီး အဆိုပါ နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များမှ ဒိုက်ဦးထောင်သို့ သွားရောက် စုံစမ်းရာ ဒိုက်ဦး ထောင်တာဝန်ရှိသူများက အကြိမ်ကြိမ်ငြင်းဆိုခဲ့သည်။

ထို့အပြင် ဇူလိုင်လ ၇ ရက်ကလည်း ခန့်လင်းနိုင် (ခ) ကိုခန့် (ခ) လက်ဝဲ (ဘ) ဦးသန်းစိုးနိုင်၊ ထောင်ဝင်အမှတ်- (ပခ/၂၂/၀၀၄၃၆/က) ၏ မိသားစုထံသို့လည်းကောင်း၊ ဇူလိုင်လ ၈ ရက်တွင် ပြည့်ဖြိုးဟိန်း (ခ) ကိုပြည့် (ဘ) ဦးကျော်ဦး၊ ထောင်ဝင်အမှတ် (ဒဥ/၂၂/၀၀၁၇၆/က) ၏ မိသားစုထံသို့လည်းကောင်း သေဆုံသွားပြီဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။

အဆိုပါ အကျဉ်းသားများသည် ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ရာ လမ်းခရီးတွင် မော်တော်ယာဉ် တိမ်းမှောက်မှုကို အခွင့်ကောင်းယူကာ ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးခဲ့သည်ဟု ဒိုက်ဦးအကျဉ်းထောင်၊ ဦးစီးအရာရှိ (က ၃၇၀၂) ကျော်ဇေယျမှ လက်မှတ်ထိုးကာ အကြောင်းကြားစာ ပေးပို့လာခဲ့ကြောင်း AAPP က ဖော်ပြထားသည်။

စစ်ကောင်စီသည် ယခင်တရားရုံးထုတ်များတွင် အကျဉ်းသားများ ထွက်ပြေးလေ့ရှိသည်ကို တည်မှီ၍ ထောင်ပြောင်းစဉ် ထွက်ပြေးသည်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားများအား ပစ်သတ်ခြင်းဖြစ်သည်ဟု ယူဆရကြောင်း၊ တရား ရုံးထုတ်နှင့် ထောင်ပြောင်းသည့် အခြေအနေမှာ ပုံသဏ္ဍာန်ခြင်း တူညီမှုမရှိကြောင်း မကြာသေးမီက ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားဟောင်း(နိုင်/ကျဉ်း)တစ်ဦး ထံက သိရသည်။

ဒိုက်ဦးအကျဉ်းထောင်၊ ဦးစီးအရာရှိ လက်မှတ်ရေးထိုး ပေးပို့လာသည့် စာတွင် ဇွန်လ ၂၉ ရက်နေ့ဟု ရက်စွဲတပ်ထားသော်လည်း မိသားစု နှစ်စုထံသို့ ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်တွင်မှ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အတွင်းစာတွင် ကိုပြည့်ဖြိုးဟိန်း၏ ဇနီးထံသို့ လိပ်မူထားသော်လည်း စာအိတ်အဖုံး၌ ပျောက်ဆုံးနေသည့် ကိုအောင်မျိုးသူ၏ ဇနီးနာမည်နှင့် လိပ်စာတပ်ထားသည်။ ထို့ကြောင့် ကိုအောင်မျိုးသူ ၏ဇနီး မခင်မိုးမိုးထံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကာ ထိုဖြစ်စဉ်အရ ကိုအောင်မျိုးသူ၏ အသက်အန္တရာယ် မှာလည်း စိုးရိမ်စရာဖြစ်နေရ ကြောင်း သိရသည်။

“ထောင်ပြောင်းတဲ့အခါ ထွက်ပြေးဖို့ဆိုတာ မလွယ်ပါဘူး။ အင်မတန်ဖြစ်နိုင်ချေ နည်းပါးတယ်။ ထောင်ပြောင်းဖို့ လုပ်ပြီဆိုတာနဲ့ ထောင်ပြောင်းတဲ့ သူတွေကို စာရင်းနဲ့ လာခေါ်တယ်။ အဲလူတွေကို ခြေကျင်းခတ်တယ်၊ တစ်ယောက်တည်း ဘယ်တော့မှ မခတ်ဘူး။ ခြေကျင်းကို သူတစ်ဖက်၊ ကိုယ်တစ်ဖက် နှစ်ယောက်တွဲ ခတ်ကြတယ်။ တချို့ဆိုရင် သုံးယောက်ကို တစ်တွဲခတ်ကြတယ်။ အပေါ့အပါး သွားရင်တောာင် လိုက်သွားရ တာ။ အဲဒီလိုမျိုးတွေ ခတ်ထားတဲ့ လူတွဲကြီးက ထွက်ပြေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး“ ဟု ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားဟောင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ထောင်ပြောင်းသည် ဆိုသည်မှာ အကြောင်းပြချက် တစ်ခုဖြစ်ပြီး ယခုလပိုင်း ဖြစ်စဉ်များအရ အကျဉ်းထောင်များမှ ခေါ်ထုတ်ပြီး စစ်ကြော သတ်ဖြတ်ခြင်းများ ဆက်တိုက်ဆိုသလို သတင်းထွက်ပေါ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်ကလည်း နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ ဦးစိန်ဝင်းသည် မြင်းခြံထောင်အတွင်း အစာအိမ်သွေးကြောပေါက်၍ ထိုနေ့တွင်ပင် သေဆုံးသွားသည်ဟု မိသားစုထံသို့ အကြောင်းကြားခဲ့ကြောင်း AAPP က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ထိုသို့ အကြောင်းကြားခဲ့သော်လည်း ဦးစိန်ဝင်းကို ထောင်ပြင်သို့ ခေါ်ထုတ်၍ စစ်ကြောရေးလုပ်ရာတွင် အကျဉ်းထောင်အသိုင်းအဝိုင်း ပါဝင်ခဲ့ကြောင်း ထောင်တွင်းရှိ အကျဉ်းသားများထံမှ သိရှိရပြီး သေဆုံးချိန်တွင်လည်း အညိုအမည်း ဒဏ်ရာများ တွေ့ရှိရသည်ကို မိသားစုအသိုင်းအဝိုင်းထံက သိရသည်ဟု AAPP က ဆိုသည်။

ယင်းအပြင် အဆိုတော်လီလီနိုင်ကျော် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံ ထားရသော နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုကောင်းဇာနည်ဟိန်း (ခ) လပြည့်၏ မိခင်နှင့် အမဖြစ်သူတို့ကို စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများမှ ဇွန်လ ၇ ရက်တွင် နေအိမ်သို့ လာရောက်သတ်ဖြတ်ခဲ့ပြီး ယခုလ ဇူလိုင်လ ၆ ရက်နေ့တွင် ကိုကောင်းဇာနည် ဟိန်းနှင့် ကိုကျော်သူရတို့ နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီတပ်နှင့် ဆက်စပ်နေသူများထံက သိရသည်။

ကိုကောင်းဇာနည် ဟိန်းနှင့် ကိုကျော်သူရတို့ နှစ်ဦးသည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၂၉ ရပ်ကွက်၊ မောင်းမကန်လမ်းဘေး၌ လက်နက်များ ဖွက်ထားသည်ဟု ထွက်ဆိုခြင်း ကြောင့် သက်သေခံပစ္စည်းများ လိုက်လံ ပြသခိုင်းစဉ် ထွက်ပြေးသည့် အတွက် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခြင်းကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများ တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီက ဒိုက်ဦးအကျဉ်းထောင်မှ ခေါ်ဆောင်သွားသည့် ကျန်ရှိနိုင်ငံရေး အကျဉ်းသားများမှာလည်း မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေပြီး ယနေ့ အချိန်အထိ သေသည်ရှင်သည် မသိရှိရဘဲ ပျောက်ဆုံးလျက်ရှိကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ အမိန့်ပေးစေခိုင်းသူများ၊ ကိုယ်တိုင်ကျူးလွန်သူများ အားလုံးအနေဖြင့် တာဝန်ခံရမည်ဖြစ်ကာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ယခုဖြစ်စဉ်များအပါအဝင် မြန်မာနိုင်ငံအတွင်း နေ့ စဉ်ကြုံတွေ့နေရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဥပဒေမဲ့သတ်ဖြတ်မှုများနှင့် မတရားညှဉ်းပန်း နှိပ်စက်မှုများသည် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ ဥပဒေများအား ကျူးလွန်နေခြင်းဖြစ်ကြောင်း AAPP က ထုတ်ပြန် ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဲ့သတ်ဖြတ်ခံရသူ စုစုပေါင်း ၃,၇၅၇ ဦး ရှိပြီဖြစ်ပြီး အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းနှင့် ညှဉ်းပန်း နှိပ်စက်ခံရမှုများကြောင့် အသက်ဆုံးရှုံးရသူများ၊ စစ်ကြောရေးစခန်းများတွင် မတရား ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသူများမှာ စုစုပေါင်း ၁၅၀ ဦး ရှိပြီဖြစ်ကြောင်းနှင့် အဆိုပါ ကိန်းဂဏန်းများမှာ AAPP မှ စုဆောင်းရရှိထားသည့် အရေအတွက်သာဖြစ်ပြီး ယင်းအရေ အတွက်ထက် ပိုမိုများပြားနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ-ဒိုက်ဦးအကျဉ်းထောင်

#စစ်ကောင်စီ #နိုင်ငံရေးအကျဉ်းသားများ #ခေါ်ယူသတ်ဖြတ် #ဖက်ဆစ်လုပ်ရပ် #AAPP #Ayeyarwaddy_Times