နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်

တအာင်းပြည်နယ်၊ တပ်မဟာ (၂) နယ်မြေ စစ်ဒေသ၊ မိုင်ငေါ့မြို့နယ်နှင့် နံမ်တွေကျေးရွာကြားတွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-PSLF/TNLA တို့ သည် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ခလရ – ၂၅၇ တပ်သည် လူအင်အား ၇၀ ဖြင့် ဇူလိုင်လ ၁၀ ရက်၊ နံနက် ၉ နာရီခန့်က မိုင်ငေါ့မြို့နယ်မှ တအာင်းတပ်မတော်တည်ရှိရာ နံမ်တွေကျေးရွာဘက်သို့ ထိုးစစ်ဆင်လာသောကြောင့် နေ့လည် ၁၂ နာရီအထိ သုံးနာရီကြာ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားတာ မှန်ပါတယ်။ တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်တဲ့ အခြေအနေရှိပါတယ်” ဟု PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားပန်လက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ယခုနှစ် ဇူလိုင်လအတွင်း တအာင်းတပ်မတော် တည်ရှိရာသို့ နယ်မြေကျူးကျော် ထိုးစစ် ဆင်လာသောကြောင့် တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မူ အများအပြားရှိကာ လက်ရှိတွင် နှစ်ဖက်စစ်ရေး တင်းမာနေကြောင်း PSLF/TNLA ဆိုသည်။

#မိုင်ငေါ့မြို့နယ် #စစ်ကောင်စီ #PSLF/TNLA #တိုက်ပွဲဖြစ်ပွား #Ayeyarwaddy_Times