နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ရက်
ကရင်ပြည်နယ် ၊ မြဝတီမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် KNU ၊ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များတိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းချထားသည့် လက်ခက်တောင် BGF စခန်းကုန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ကတည်းက တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး မြ၀တီမြို့ပေါ်ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲတွေက တော့ နေ့စဥ်ဆိုသလို ဖြစ်နေတာဗျ။ ကရင်ပြည်နယ် တစ်ခုလုံးဆို ပါတော့။ စစ်ကောင်စီတပ်က လေးကေ့ကော်မြို့သစ်မှာရှိတဲ့ ခွေးကုန်း (စစ်ကောင်စီတပ်စခန်းကုန်း) ကနေလည်း လက်နက်ကြီးတွေနဲ့ တွေ့သမျှနေရာတွေကို ရမ်းသန်းပစ်နေတာ။ အခုသိမ်းပိုက်လိုက်တဲ့ လက်ခက်တောင်ကုန်းက လက်နက်ကြီးတွေစီပြီး ပစ်နေတာ။ မြဝတီမြို့ ပေါ်ကနေလည်း ရမ်းသန်းပစ်ခတ်နေတာ။ အခုကတော့ လက်ခက်တောင်ကုန်းကိုတော့ သိမ်းထားနိုင်ခဲ့ပြီ” ဟု မြေပြင်တိုက်ပွဲဝင်တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့များကလည်း မြ၀တီမြို့ စိမ်းလဲ့မြိုင် အနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအရာရှိ တစ်ဦးအပါဝင် ငါးဦး သေဆုံးခဲ့ကြောင်း မြေပြင်တိုက်ပွဲဝင်နေသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်က ဆက်လက်ပြောကြားသည်။
စစ်ကောင်စီတပ်သည် ကရင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများ ပြုလုပ် နေသော်လည်း မြေပြင်တွင် စစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်နိုင်ခြင်းမရှိ၍ လေကြောင်းမှနေ၍ တိုက်ခိုက်ခြင်း၊ မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းမှနေ၍ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများ ကိုနေ့စဥ်လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံ သတင်းရင်း မြစ်များ ထံက သိရသည်။
ဓာတ်ပုံ-တော်လှန်ရေးအင်အားစု၊ ကော်ဘရာကော်လံတပ်ခွဲ
#ကရင်ပြည်နယ် #မြဝတီမြို့ #စစ်ကောင်စီတပ် #BGFလက်ခက်တောင်စခန်း #တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက် #Ayeyarwaddy_Times