ဧရာဝတီတိုင်းမ်
ညောင်လေးပင် ၊ ဇူလိုင်လ ၁၁ ရက်

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းကျေးရွာအနီးရှိ ကျေးရွာချင်းဆက်လမ်းများကို စစ်ကောင်စီတပ်ဖွဲ့များက ဇူလိုင်လ ၆ ရက်နေ့တွင်ဖျက်ဆီးခဲ့၍ ဒေသခံများ သွားလာရေးခက်ခဲနေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်သားများသည် ဇူလိုင်လ ၆ ရက်နေ့တွင် ပုစွန်မြောင်း စံပြကျေးရွာမှ ညောင်လေးပင်-မဒေါက်လမ်းသို့ ပေါက်သော ကျေးရွာချင်းဆက် လမ်းပိုင်း လေး ခုအား ယန္တရားများသုံးကာ ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ထိုလမ်းများပေါ်တွင် အနက် လေးပေ၊ အကျယ် ၁၀ ပေခန့်ကျင်းများကို မြေကော်စက်ဖြင့် တူးထားသည့်အတွက် ကား၊ ဆိုင်ကယ်များသွားလာ၍ မရတော့ဘဲ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ရှိသည့် အဓိကလမ်းမကိုသာ မဖျက်ဆီးဘဲ ချန်ထားကြောင်း ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ပုစွန်မြောင်းကထွက်တဲ့ မိန်းလမ်းပဲ ချန်ထားပြီး တခြားလမ်းတွေ ဖျက်ထားတယ်။ အခုက ရွာပေါင်း ၂၀ လောက်ကလူတွေ ညောင်လေးပင်သွားမယ်ဆို စကစဂိတ်ကို ဖြတ်ကို ဖြတ်ရတော့မယ်။ အဲဒီဂိတ်ကလည်း ဖြတ်သွားတဲ့လူတိုင်းကို မထင်ရင်မထင်သလို ငွေတောင်းတာ၊ ဖုန်းသိမ်းတာ၊ ပါလာတဲ့ကုန်ပစ္စည်းသိမ်းတာတွေ လုပ်တယ်။ အဲဒီဒဏ်ကို မခံချင်လို့ ညောင်လေးပင်ကို တခြားကွင်းလမ်းက သွားမယ်ဆိုရင် ခရီးက ငါး မိုင်လောက်ပိုဝေးသွားတော့ အချိန်ကော ငွေပါ ပိုကုန်တာပေါ့” ဟု ထိုဒေသခံက ပြောသည်။

ယခုကဲ့သို့ ကျေးရွာချင်းဆက်လမ်းများကို စစ်ကောင်စီက ဖျက်ဆီးခြင်းမှာ ဒေသခံများထံမှ ငွေကြေးပိုမို တောင်းခံရန် ပြုလုပ်ခြင်းဟု ခန့်မှန်းမှုများရှိသကဲ့သို့ တော်လှန်ရေးအင်အားစုများ ဝင်ရောက် လာနိုင်သည့် လမ်းကြောင်းများကို ဖြတ်တောက်ခြင်းဖြစ်သည်ဟုလည်း ဒေသခံများက သုံးသပ်မှုများ ရှိနေသည်။

ပုစွန်မြောင်းကျေးရွာချင်းဆက်လမ်းသည် အင်းဂလာ၊ ထမင်းရုံ၊ ပျဉ်ရေ၊ ကွင်းဒလကြီး၊ ညောင်ပင်ကြီး၊ အင်းဝိုင်း၊ ဝိုင်ကျွန်းစသည့် ကျေးရွာပေါင်း ၂၀ ခန့်ရှိ ဒေသခံပြည်သူ များ၏ ကူးသန်းရောင်းဝယ်ရေး၊ ကျန်းမာရေးကိစ္စများအတွက် ညောင်လေးပင်သို့သွားရာတွင် အနီးဆုံးလမ်းပိုင်း ဖြစ်၍ ဒေသခံများ အားထားနေရသည့် လမ်းဖြစ်ကောင်း သိရသည်။

ဓာတ်ပုံ – CJ

#ရွာပေါင်း၂၀ #အားထားနေရသည့် #ပုစွန်မြောင်းရွာချင်းဆက်လမ်း #စစ်ကောင်စီ #ဖျက်ဆီး #ဒေသခံများသွားလာရေးအခက်ကြုံ #Ayeyarwaddy_Times