ဧရာဝတီတိုင်းမ်
(ချင်း)၊ ဇူလိုင်လ ၁၀ ရက်

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် ဆေးဝါးပျက်လပ်မှုနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှုများ လုံလောက်စွာ မပြုလုပ်နိုင်တော့သည့်အတွက် ငှက်ဖျားရောဂါတဖန် အဖြစ်များလာပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်နှင့် ဆေးဝါးကုသနိုင်ရန် ဒေသခံများအနေဖြင့် အခက်အခဲကြုံနေကြရကြောင်း သိရသည်။

နိုင်ငံရေးအခြေအနေကြောင့် ချင်းပြည်သူများသည် နေရပ်စွန့်ခွာ၍ ပြည်တွင်း၊ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင် နေကြရပြီး ပြည်တွင်းတွင် စစ်ဘေးရှောင်နေကြသော ဒေသခံများထံတွင် ငှက်ဖျားရောဂါ တဖန်အဖြစ်များလာ ကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA)ထံမှ သိရသည်။

“အရင်တုန်းက ငှက်ဖျားရောဂါမရှိတော့ဘူး၊ နှိမ်နင်းနိုင်ပြီဆိုတော့ ကြွေးကြော်နေတဲ့အရာက အခု အစပြုပြီးတော့ ပြန်ပေါ်လာတာတွေ တွေ့နေရပါတယ်။ နိုင်ငံရေးပဋိပက္ခဖြစ်လာတဲ့ နောက်ပိုင်းမှာ အဓိကကြိုတင် ကာကွယ်မှု ပိုင်းမှာ အားနည်းလာတဲ့အတွက်ကြောင့်မို့ တချို့ပြည်သူတွေအနေနဲ့ ငှက်ဖျားရောဂါကို အသည်းအသန်ခံစားနေရတာတွေ တွေ့ရပါတယ်”ဟု ချင်းရေးရာအဖွဲ့ချုပ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးဆန်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

စစ်တပ်အာဏာမသိမ်းမီ အချိန်ကာလတွင် ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ဆေးဝါးပိုင်းဆိုင်ရာများကို အစိုးရဘက်က လုံလောက်စွာ ထောက်ပံ့ပေးနိုင်ခဲ့ပြီး ချင်းပြည်နယ်တွင် ငှက်ဖျားရောဂါကို ကောင်းမွန်စွာ ထိန်းချုပ်နှိမ်နင်းနိုင်ခဲ့ကြောင်းသိရသည်။

နိုင်ငံရေးအခြေအနေကြောင့် ငှက်ဖျားရောဂါတဖန်အဖြစ်များလာမှုနှင့် ပတ်သက်၍ ချင်းပြည်သူများအနေဖြင့် မြို့ပေါ်သို့ ဆေးဝါးကုသနိုင်ရန်သွားရောက်ရေးအတွက် လုံခြုံရေးအခြေအနေအရ အခက်ကြုံနေကြရပြီး ချင်းလူမှုရေး အသိုင်းအဝန်းအဖွဲ့အစည်းများအားလုံးအနေဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးနိုင်ရန်နှင့် ပံ့ပိုးကူညီပေးကြရန် အထူးလိုအပ်ကြောင်း ချင်းရေးရာအဖွဲ့ချုပ်က နှိုးဆော်ထားသည်။

“ အခုချိန်မှာ ဒေသခံတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရမ်းလိုအပ်နေတယ်ဆိုတာ ကျွန်တော်တို့ ကြားနေရပါတယ်။ မြင်နေရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်အား၊ အင်အားအနေနဲ့ မလုံလောက်တဲ့ အတွက် မပံ့ပိုးပေးနိုင်ဘူး။ မကူညီနိုင်ဘူးဆိုတာ စိတ်မကောင်စွာနဲ့ အရင်ဆုံး ပြောကြားချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ICAအနေနဲ့ ချင်းပြည်နယ်တခုလုံးကို လွှမ်းခြုံပြီးတော့ လုပ်နိုင်စွမ်းမရှိသေးပါဘူး။ ကြိုးစားနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်”လို့ ဆလိုင်းဗန်ဆွီးဆန်က ဆက်လက်ပြောဆိုသည်။

ပြည်တွင်းရှိ တောတောင်ထဲတွင် စစ်ဘေးရှောင်နေကြသော ချင်းပြည်သူများသည် လုံလောက်သော ဆေးဝါးကုသခွင့် မရကြသည့်အတွက် အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် ဒေသခံ အများအပြား အသက်ဆုံးရှုံးနေကြရကြောင်းသိရသည်။

ချင်းရေးရာအဖွဲ့ချုပ်က ချင်း-မီဇိုးရမ်နယ်စပ် တနေရာတွင် ကုတင် ၂၀ ဆံ့လိုင်လွန်ဆေးရုံဖွင့်လှစ်၍ ချင်းပြည်သူများကို ဆေးဝါးကုသမှုများ ပြုလုပ်ပေးလျက်ရှိပြီး ဆေးရုံသို့ ဆေးဝါးလာရောက်ကုသသော လူနာများထဲတွင် ငှက်ဖျားရောဂါအဖြစ်များနေကြောင်းသိရသည်။

ဓာတ်ပုံ-ပြည်တွင်းရှိ ချင်းစစ်ဘေးရှောင်ဒေသခံများ ပုံအဟောင်း
#ချင်းပြည်နယ် #ဒေသခံပြည်သူ #ငှက်ဖျားရောဂါအဖြစ်များ #ကြိုတင်ကာကွယ်ရေးလုပ်ငန်း #ဆေးဝါးကုသရန် #အခက်ကြုံနေရ# Ayeyarwaddy _Times