ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်

မြန်မာနိုင်ငံ၌ ကိုဗစ် ၁၉ ကပ်ရောဂါ နှင့် နိုင်ငံရေး အကျပ်အတည်းများကြောင့် ကလေးငယ်များသည် အိမ်အကူ အပါအဝင် အန္တရာယ်ရှိ လုပ်ငန်းခွင် များစွာတွင် ဝင်ရောက် လုပ်ကိုင်နေရကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ် တို့ရှိ ကလေးအလုပ်သမား အခြေအနေများနှင့် ပတ်သက်ပြီး မကြာသေးခင်က ထုတ်ပြန်ထားသော အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့(ILO) အစီရင်ခံစာ၌ ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။

လက်ရှိ အလုပ်လုပ်နေသည့် ကလေးသူငယ်များ၌ လုပ်ငန်းမျိုးစုံတွင် ဝင်ရောက် လုပ်ကိုင်နေကြသော်လည်း စစ်တမ်းအရ ကလေးငယ် သုံးပုံ တစ်ပုံကျော်က အိမ်အကူ အပါအဝင် အန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် ဝင်ရောက် လုပ်ကိုင် နေရကြောင်း၊ ဒုတိယ အများဆုံးမှာ စိုက်ပျိုးရေး လုပ်ငန်း ဖြစ်ကာ ကုန်ထုပ်လုပ်ငန်း၊ လက်လီလက်ကား ရောင်းဝယ်ရေး လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေကြရကြောင်းလည်း သိရသည်။

အသက် ၅ နှစ်မှ ၁၇ နှစ်အရွယ် အထိ ကလေးများ ပါဝင်ရာ အိမ်အကူ လုပ်ငန်းတွင် ၆၁ ဒသမ ၉ ရာခိုင်နှုန်း ရှိသော အသက် ၁၂ နှစ် နှင့် ၁၃ နှစ်ရှိ ကလေးများ ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းတွင် ၁၆ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွင် ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ လက်ကီလက်ကား ရောင်းဝယ်ရေး လုပ်ငန်း၌ ၁၃ ဒသမ ၁ ရာခိုင်နှုန်း နှင့် ဆောက်လုပ်ရေး လုပ်ငန်းတွင် ၁၂ ဒသမ ၄ ရာခိုင်နှုန်း ကလေးများ ပါဝင် လုပ်ကိုင်နေသည်ဟုလည်း ဆိုသည်။

ထို့ပြင် မြန်ဆန်ရန်နှင့် ကျွမ်းကျင်မှု သိပ်မလိုအပ်သည့် လုပ်ငန်းများတွင် အသက် ၁၁ နှစ်အောက် ကလေးများက လုပ်ကိုင်နေရပြီး အသက် ၁၁ နှစ်အထက်ရှိ ကလေးများမှာ အန္တရာယ်ရှိသော ပြင်ပလုပ်ငန်းခွင်များတွင် လုပ်ကိုင် နေရကြောင်းလည်း သိရသည်။

အဆိုပါ ကလေး အလုပ်သမားများသည် အလုပ်ချိန် နာရီများစွာ လုပ်ကိုင်ရခြင်း၊ လေးပင်သည့် ပစ္စည်းများ သယ်ယူ ရသည့် အလုပ်များ၊ အန္တရာယ်ရှိ စက်ယန္တရားကြီးများနှင့် ဓာတုပစ္စည်း ဆိုင်ရာ အလုပ်များ၊ ပူလောင် ဆူညံသည့် လုပ်ငန်းခွင် များတွင် လုပ်ကိုင်ရခြင်းများ ရှိသည်ဟုလည်း ဆိုသည်။

ထိုသို့ လုပ်ကိုင် နေကြရသော်လည်း လုပ်အားခ လျော့နည်းခြင်း၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာ ရရှိမှု အတွက် အသက် အာမခံ မရှိခြင်း၊ ကလေးအလုပ်သမား ဆိုင်ရာ အကာအကွယ် အခွင့်အရေးများ နည်းပါးခြင်း၊ ဖိနှိပ် ခွဲခြား ဆက်ဆံခံရခြင်း နှင့် ညှဉ်းပန်း နှိပ်စက်ခံရခြင်းများ ရှိကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။

ကိုဗစ် ၁၉ ကပ်ရောဂါနှင့် နိုင်ငံရေး အကျပ်အတည်းကြောင့် ကျောင်းများ ပိတ်ထားခဲ့ရာ ကလေး သူငယ်တချို့ကို လုပ်ငန်းခွင်ထဲသို့ စောစောရောက်စေပြီး ကျောင်းပြန်ဖွင့်သော်လည်း နိုင်ငံရေး မတည်ငြိမ်မှုနှင့် ဘေးကင်း လုံခြုံမှု စိုးရိမ်ဖွယ် အခြေအနေများကြောင့် အများစု ကျောင်းပြန်တက်နိုင်ခြင်း မရှိကြောင်းလည်း ပါဝင်သည်။

“အလုပ်လုပ်ကိုင်နေတဲ့ ကလေးသူငယ် ထက်ဝက်ကျော်က အခွင့်အလမ်းသာ ရမယ်ဆိုရင် ကျောင်းပညာရေးကို သင်ယူ လိုကြောင်း ပြောဆိုပါတယ်။ သူတို့တွေရဲ့ ကျောင်းတက်ချင်တဲ့ စိတ်ဆန္ဒကို အလုပ်က ဘယ်လောက် အတိုင်းအတာအထိ အဟန့်အတား ဖြစ်စေသလဲ ဆိုတာကို ထင်ဟပ်ဖော်ပြနေပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံရေး အကြပ် အတည်းကြောင့် တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခတွေက ဒီအခြေအနေကို ပိုမိုဆိုးရွားလာစေပါတယ်”ဟု ILO မြန်မာနိုင်ငံ ဆိုင်ရာ ဆက်သွယ် ညှိနှိုင်းရေး အရာရှိ ဌာနေ ကိုယ်စားလှယ် Mr. Donglin Li က ပြောကြားသည်။

အဆိုပါ လုပ်ငန်းခွင် ရောက်ရှိနေကြသည့် ကလေးသူငယ် ၆၂ ရာခိုင်နှုန်း ကျော်ထဲက ထက်ဝက်ခန့်သည် အခွင့်အရေး ရှိပါက ပညာရေးကို ဆက်လက် သင်ယူလိုသည်ဟုလည်း ဆိုသည်။

စစ်အာဏာ သိမ်းထား ကာလအတွင်း အလုပ်အကိုင်ဆုံးရှုံးမှု၊ မိသားစု ဝင်ငွေလျော့ကျမှုနှင့် ပညာရေး အလှမ်းဝေး လာမှုများသည် အဆင်းရဲဆုံး မိသားစုများရှိ ကလေးသူငယ်များ အပေါ် အဆုံးရွားဆုံး သက်ရောက်မှုရှိနေရာ ကလေးများမှာ မိသားစု အတွက် အလုပ်လုပ်နေရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ILO ၏ ၂၀၁၅ ခုနှစ် အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံ၌ အသက် ၅ နှစ် နှင့် ၁၇ နှစ်ကြား ကလေးအလုပ်သမား ၁၀ သိန်းကျော် (၁ ဒသမ ၁၂ သန်း) ရှိသည့် အနက် ၆ သိန်းကျော်မှာ ဘေးအန္တရာယ် ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြရကြောင်း ဖော်ပြထားသည်။

#ကိုဗစ်၁၉ #နိုင်ငံရေး #ကလေးငယ် #အိမ်အကူအပါအဝင် #အန္တရာယ်ရှိလုပ်ငန်းခွင် #လုပ်ကိုင်နေရဟုဆို
#Ayeyarwaddy_Times