နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်နေကြရသည့် ဒေသခံများသည် ကျေးရွာများအတွင်းသို့ ပြန်လည်ဝင်ရောက်မည်ဆိုပါက ဧည့်စာရင်း ပြုလုပ်၍ နေထိုင်ရမည်ဟု စစ်ကောင်စီက အမိန့်ထုတ်ထားကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွား ပြီးနောက် ကျေးရွာ ခြောက်ရွာခန့်ရှိ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်မှာ ယနေ့တိုင် ဘေးလွတ်ရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“ညောင်ပင်ကြီး၊ ထန်းတောကြီး၊ နှင်းတော စတဲ့ကျေးရွာတွေက ဒေသခံတွေ ကျေးရွာထဲ ပြန်လာမယ်ဆို သူတို့(စစ်ကောင်စီ) ဆီကို သတင်းပို့ရမယ်။ ပြီးတော့ ဧည့်စာရင်းပါ တိုင်ရမယ်လို့ အမိန့်ထုတ်ထားတယ်” ဟု အသက် ၄၀ အရွယ်ရှိ ညောင်ပင်ကြီး ကျေးရွာအုပ်စုတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီသည် ညောင်ပင်ကြီးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများကို မီးတင်ရှို့၍ ဖျက်ဆီးမှုများပြုလုပ်ကာ ညောင်ပင်ကြီး ရဲစခန်းကိုလည်း မြေနေရာတိုးချဲ့တည်ဆောက်ထားကြောင်း သိရသည်။

“ခုက ညောင်ပင်ကြီးကျေးရွာက ရပ်ကွက်တချို့မှာ နေစရာအိမ်လည်းမရှိတော့ဘူး။ ရပ်ကွက်ထဲက လူနေအိမ်တွေက ပစ္စည်းတွေအကုန်လုံးကိုလည်း စစ်သားတွေက သယ်သွားပြီး အိမ်တွေကိုမီးတင်ရှို့ထားလို့ ရွာပျက်ကြီးလို ပုံစံဖြစ်နေတာ။ ဘယ်လိုလုပ် ရွာပြန်နေနိုင်မလဲ” ဟု ၎င်းကဆိုသည်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသတွင် ကျေးရွာပေါင်း ၂၈ ရွာရှိပြီး ညောင်ပင်ကြီးကျေးရွာ အုပ်စုအနီးရှိ ကျေးရွားများမှ ဒေသခံများသည် ဘေးလွတ်ရာ နေရာများတွင် ရှောင်တိမ်းနေကြရသည်။

ဒေသခံ စစ်ရှောင်များအနေဖြင့် မိမိတို့နေထိုင်ရာကျေးရွာများတွင် ပြန်လည် ဝင်ရောက်နေထိုင်မည်ဆိုပါက စစ်ကောင်စီတပ်ကို ဧည့်စာရင်းတိုင်ကြား၍ နေထိုင်ရမည်ဟု အမိန့်ထုတ်ထားခြင်း ဖြစ်ကြောင်း စစ်ရှောင်များထံက သိရသည်။

ဓာတ်ပုံ -ဒေသခံပေးပို့
ပုံစာ-ညောင်ပင်ကြီးရဲစခန်းပုံဟောင်းနှင့် မီးရှို့ခံထားရသည့် ထန်းတောကြီးရွာ နှင့် ညောင်ပင်ကြီးရွာ
#လက်ပံတောင်းတောင်ဒေသ #ဆားလင်းကြီးမြို့နယ် #ညောင်ပင်ကြီးကျေးရွာအုပ်စု #ဒေသခံများ #စစ်ကောင်စီတပ် #ဧည့်စာရင်းတိုင် #Ayeyarwaddy_Times