ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၀ ရက်
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ တပ်ရင်း၊ တပ်ဖွဲ့များတွင် စစ်သည်အင်အား လျော့ နည်းနေပြီး လုံခြုံရေးဂိတ်များ၌ပင် အပြည့်အ၀ချ ထားနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ စစ်ရုံးအခြေစိုက်ရာ နေပြည်တော်ကို အင်အားတိုးချဲ့၍ လုံခြုံရေးချထားရန်အတွက် တိုင်းဒေသကြီး အသီးသီးရှိ စစ်ဆေးရေးဂိတ်များနှင့် တပ်ရင်း၊ တပ်ဖွဲ့များမှ စစ်ကောင်စီတပ်သား အင်အားများကို ပြန်လည်ရုပ် သိမ်းမှုများပြုလုပ်ခဲ့ကြောင်း တပ်တွင်းသတင်းရင်း မြစ်ထံမှ သိရသည်။
“ခုဆိုရင် အနားယူထားတဲ့ စစ်မှုထမ်းဟောင်းတွေကို ပြန်သုံးနေရတာပေါ့။ အချို့နေရာတွေက ဘန်ကာတွေ ဆို လုံခြုံရေးအစောင့်တွေမရှိတော့ဘူး။ တပ်ထဲမှာက ခုဆိုရင် လုံခြုံရေးယူဖို့ လူကြီးလမ်းကြောင်းရှိရင် တောင် စစ်သားရှိမနေဘူး။ မော်တော်ပီကယ်၊ ရဲလောက်ပဲရှိတော့တယ်”ဟု ရန်ကုန်တိုင်းရှိ စစ်ဘက်အရာရှိကြီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် ရန်ကုန်တိုင်းတွင်းရှိ လမ်းဆုံ၊ လမ်းခွ၊ အကျဉ်းထောင်၊ မီတာရုံး စသည့်အစိုးရရုံးများ၌ လုံခြုံရေးယူ၍ လှည့်ကင်းပတ်ခြင်းများ ယခင်က ပြုလုပ်မှုများရှိသော်လည်း လက်ရှိတွင် စစ်သည်အင်အား မရှိသည့်အတွက် လုံခြုံရေးဂိတ်ဘန်ကာများထဲ၌ပင် အစောင့်စစ်ဆေးရေးမရှိ၊ လှည့်ကင်းပတ်နိုင်ခြင်းပင် မရှိသလောက် နည်းပါးသွားကြောင်း သိရသည်။
ရန်ကုန်တိုင်းရှိ ထောက်ကြန့်-မင်္ဂလာဒုံ အခြေစိုက် ခမရ (၁၀၆)၊ တိုးကြောင်ကလေးအခြေစိုက် ခြေမြန် တပ်ရင်း (၃၀၃)၊ မှော်ဘီအခြေစိုက် ခမရ(၃၁၃)၊ ခမရ (၇၀၁)၊ ခမရ(၇၀၂)၊ ခမရ(၇၀၃)၊ ခမရ (၇၀၄)၊ ဖူးကြီးအခြေစိုက် ခမရ (၇၀၉)နှင့် တိုက်ကြီးအခြေစိုက် ခမရ (၇၁၀)တို့သည် ရန်ကုန်တိုင်းတွင် လုံခြုံရေးယူပေးနေရသည့်တပ်များ ဖြစ်သည်။ ထိုတပ်များသည် တပ်မိသားစုများ အတွက်လည်း လုံခြုံရေးယူပေးနေရသည့်အပြင် ရှေ့တန်းတွင်လည်း ပါ၀င်နေရသည့် တပ်ရင်းများဖြစ်ကြောင်း သိရသည်။
အဆိုပါတပ်ရင်း တပ်ဖွဲ့များတွင် အင်အားပြည့်မီမှုများ မရှိတော့သော်လည်း တပ်ရင်းမှူးနှင့် ယာယီတပ်ရင်း မှူးများမှ အင်အားအပြည့် စာရင်းတင်ပြကာ လစာလိမ်လည်ထုတ်ယူမှုများပင်ရှိကြောင်း တပ်တွင်း သတင်းရင်းမြစ် ထံမှ သိရသည်။
အမျိုးသားညီညွတ်ရေး အစိုးရ၏ ကာကွယ်ရေး ဝန်ကြီးဦးရည်မွန် က “ လမ်းများအားလုံးသည် နေပြည်တော်သို့ “ ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် နေပြည်တော်ကို လုံခြုံရေး ပိုမိုတိုးမြှင့်လာခြင်း ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။ ထို့အပြင်နေပြည်တော်ကို တန်ပြန်ထိုးစစ်အတွက် စစ် ဆင်ရေးများပြင်ဆင်နေကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှလည်းထုတ်ပြန်ထား သည်။
“နေပြည်တော်ရန်ကို ခုခံကာကွယ်တိုက်နိုင်ဖို့အတွက် လက်နက်ခဲယမ်းတွေ ဖြည့်တင်းနိုင်ဖို့ အဓိကလိုအပ်ပါတယ်။ စစ်ကောင်စီကပြီးခဲ့တဲ့ သုံး လလုံး ကရင်နီကို ပင်လောင်းဘက်ကနေ အင်အားတစ်ထောင်ကျော်သုံး ပြီး မြေပြင်ရော၊ လေယာဉ်နဲ့ပါ ထိုးစစ်ဆင် ပြီးကာကွယ်နေတာ။ ခုဖြစ်နေတဲ့ တိုက်ပွဲနေရာတွေက နေပြည်တော်ရဲ့ အပြင်စည်းလို့ပြောလို့ရတယ်။ လွိုင်ကော်လည်းအပါအ၀င်ပေါ့” ဟု KNDF မှ ရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လမ်းများအားလုံးနေပြည်တော်သို့ ဆိုသည့်နေရာတွင် ကရင်နီကဖောက်သည့်လမ်းသည် အတိုဆုံး၊ အဖြောင့်ဆုံး၊ အကျယ်ဆုံးသောအမြန်လမ်းမကြီးဖြစ်ကြောင်း KNDF ၏ “ကရင်နီ အိပ်မက်”မှ အသိပေးထားပြီး ပြည်သူလူထု၏ ထောက်ပံ့ကူညီမှုများကို ဖိတ်ခေါ်ထားသည်။
ပုံစာ- စစ်ကောင်စီတပ်ဖွဲ့၀င်များ၏ပုံဟောင်းဖြစ်သည်။
#ရန်ကုန် #စစ်ကောင်စီ #တပ်ရင်း #တပ်ဖွဲ့ #စစ်သည်အင်အား #လျော့နည်း #နေပြည်တော် #တိုးချဲ့ #Ayeyarwaddy_Times