ဧရာ၀တီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် KNLA တပ်မဟာ (၃) ၊ PDF ကျောက်ကြီး ပူးပေါင်းတပ်ဖွဲ့တို့ နှစ် ရက်ဆက်တိုက် ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၅ ဦး သေဆုံးကြောင်း သိရသည်။
အင်အား ၁၅၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ နံနက် ပိုင်းက ကျောက်တံခါးမြို့နယ်၊ နံဇနှင့်ပေါက်ပင်ကုန်းကျေးရွာများသို့ ဝင်ရောက်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ၅ ရက်နေ့မနက် ၂ နာရီခွဲလောက်မှာ တိုက်ပွဲစဖြစ်တယ်။ အဲဒီနေ့ကဖြစ်တာ မနက်လင်း တဲ့အထိပဲ။ စစ်ကောင်စီဘက်က ၁၅ ယောက်လောက် သေတယ်” ဟု နံဇရွာရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာနေသည့် စစ်ကောင်စီတပ်သည် ဇူလိုင်လ ၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် နံဇရွာတွင်းသို့ စစ်ကြောင်း ၃ ကြောင်းဖြင့် ထပ်မံ ဝင်ရောက်လာ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
“ ၆ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က နံဇ ရွာထဲကို သုံးဖွဲ့ခွဲပြီး ဝင်လာတာနဲ့ ပေါက်ပင်ကုန်းကြားက တံတားနားမှာ မနက် ၇ နာရီကျော်အထိ တိုက်ပွဲထပ်ဖြစ်တယ်။ အဲဒီမှာ စစ်တပ်က ၁၀ ယောက်လောက် ထပ်သေတော့ စဉ့်အိုးလဟာရွာထဲဝင်ပြီး အရပ် သား အိမ်တွေကို မီးရှို့သွားတယ်” ဟု ဒေသခံက ဆက်လက်ပြောကြားသည်။
ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲကို KNLA/PDF ကျောက်ကြီး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးအရ အရေး ပါသော သတင်းများဖြစ်သည့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ကောင်စီ တပ်စခန်းများကို သိမ်းယူခြင်းစသည့်သတင်းများကို ကြားသိရပါက အွန်လိုင်း နှင့် လူမှုကွန်ရက်ပေါ်သို့ ချက်ခြင်း မတင်ရန် မေတ္တာရပ်ခံထားသည်။
KNLA/PDF ကျောက်ကြီး ပူးပေါင်းတပ်ဖွဲ့၏ မေတ္တာရပ်ခံချက်တွင် တိုက်ပွဲဖြစ်ပွား ပြီးချိန်နှင့် စခန်းသိမ်းပြီးချိန်များတွင် စစ်ရေးအရ ဆက်လက်လုပ်ဆောင်ရမည့်ကိစ္စ များရှိသည်။ အဆိုပါ အကြောင်းအရာများကို အွန်လိုင်းနှင့် လူမှုကွန်ရက်ပေါ် အလျင်စလို တင်လိုက်ပါက ဆက်လက်လုပ်ဆောင်ရမည့် စစ်ရေးအစီအစဉ်များ ထိခိုက်နိုင် ခြင်းကြောင့် ပူးပေါင်းတပ်ဖွဲ့များ ဘေးကင်းစွာ ဆုတ်ခွာပြီးချိန်မှသာ အွန်လိုင်း ပေါ်တင်ရန် ထည့်သွင်းဖော်ပြထားသည်။
ဓာတ်ပုံ – KNLA/PDF Kyaukkyi
#ပဲခူးတိုင်း #ကျောက်တံခါးမြို့နယ် #၂ရက်တိုက်ပွဲ #KNLA/PDFပူးပေါင်းတပ်ဖွဲ့ #စစ်ကောင်စီတပ်သား၂၅ဦးသေ #စစ်ရေးသတင်းများ #အလျင်စလိုမတင်ရန် #မေတ္တာရပ်ခံ #Ayeyarwaddy_Times