ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဇူလိုင်လ ၁၀ ရက်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာရှိ အုတ်ဖြတ်ရဲစခန်းနှင့် အုတ်ဖြတ် စစ်တောင်းမြစ်ကူးတံတားကို ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့နှင့် ၈ ရက်နေ့များတွင် KNLA၊ ရိုးမစစ်ကြောင်း(၂)ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

မုန်း-အုတ်ဖြတ်ကားလမ်း‌ပေါ်ရှိ အုတ်ဖြတ်စစ်တောင်းမြစ်ကူးတံတားရှိ စစ်ကောင်စီ လုံခြုံရေးအဖွဲ့ကို ယနေ့ နေ့လယ်ပိုင်းတွင် စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ပြီး ဒရုန်းဖြင့် ၆၀-မမဗုံးသီးချ တိုက်ခိုက်ခဲ့ရာ တပ်သား နှစ် ဦး‌ ထပ်မံသေဆုံးကာ သုံးဦး ဒဏ်ရာရရှိကြောင်း သိရသည်။

“တံတားကို ဂိတ်စောင့်တဲ့အဖွဲ့ကတော့ ပုံမှန် ၁၀ယောက်၊ ၁၅ ယောက်လောက်ပဲရှိတယ်။ စစ်ကောင်စီက အခုတော့ အုတ်ဖြတ်တာဆုံဘက်မှာ ကာကင်းထိုးထားတာ။ သူတို့က ရိက္ခာ သယ်ဖို့လုပ်နေတယ်လို့ထင်တယ်။ တိုက်ခိုက်ခံရပြီးတော့ ၆၀-မမ လေးလုံး လောက် ရမ်းပစ်တာရှိတယ်။ သူတို့ဘက်ကထိသွားရင် အဲ့လိုပဲပြန်ပစ်နေကြပဲ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ဇူလိုင်လ ၈ ရက်နေ့ကလည်း အုတ်ဖြတ်တံတား လုံခြုံရေးယူပေးရန် လာသည့် အုတ်ဖြတ်ရဲစခန်းတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းအသုံးပြု၍ ၆၀-မမဒရုန်းဗုံးသီး နှစ်လုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ တပ်ဖွဲ့ဝင် ခြောက် ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ဖြူးဘက်ကနေ ကင်းပုန်းလာလာဝပ်ပေးတဲ့ အုတ်ဖြတ်တံတား လုံခြုံရေး အတွက် လာတဲ့တပ်ဖွဲ့တွေ။ အုတ်ဖြတ်တံတားကလည်း စစ်တောင်းမြစ်အရှေ့ဘက် ကမ်းနဲ့၊ အနောက်ဘက်ကမ်းကို ဆက်သွယ်ထားပေးတဲ့တံတားဆိုတော့ စစ်ကောင်စီက တံတား တွေချိုးခံရရင် စစ်ရေးထောက်ပို့ကိစ္စတွေပျက်မှာစိုးလို့ အမြဲတမ်းလုံခြုံရေး ယူပေးတာ တွေရှိတယ်” ဟု အဆိုပါတော်လှန်ရေးတပ်ဖွဲ့ဝင်ကဆက်လက်ပြောသည်။

ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာအနီးတွင် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းကို လုံခြုံရေးယူပေးရန်ရောက်ရှိနေသည့် စစ်ကြောင်းကို KNLA၊ ရိုးမစစ်ကြောင်း(၂)က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အထူးကွန်မန်ဒိုတပ်ရင်း-တောင်ပိုင်းတိုင်းက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – အုတ်ဖြတ်တံတားပုံ
#ပဲခူးတိုင်း #ဖြူး #အုတ်ဖြတ်တံတား #ရဲစခန်း #ဒရုန်း #တိုက်ခိုက်ခံရ #KNLA #ရိုးမစစ်ကြောင်း၂ #Ayeyarwaddy_Times