ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်

မအူပင်မြို့ဝင်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီဗိုလ်ကြီးကိုပစ်သတ်ပြီး သေဆုံးခဲ့သည့် အရာခံဗိုလ်မိသားစု လိုင်းခန်းမှနှင်ချခံရကြောင်းသိရသည်။

အချင်းချင်းပစ်ခတ်ပြီး သေဆုံးခဲ့သည့် အရာခံဗိုလ်ဟာ ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ ရွှေမြင်တင် ကျေးရွာအုပ်စုတွင်ရှိသောစစ်ကောင်စီ၏ အမှတ်(၆)လေ့ကျင့်ရေးတပ်တွင်နေထိုင်သူဖြစ်ကြောင်း စစ်ကောင်စီတပ်အသိုင်းဝိုင်းမှ သိရသည်။

“လိုင်းခန်းပေါ်က ဆင်းပေးရတယ်၊ ပင်စင်ခံစားခွင့် အကုန်ရုတ်သိမ်းတယ်။ တပ်တွင်းအရေးယူမှုပုံစံမျိုးတွေလုပ်တာ အရာရှိကကြီးနိုင်ငယ်ညှင်းလုပ်လွန်းကြီးလို့ ဆရာကြီးက မခံနိုင်လွန်းလို့ပစ်တာဖြစ်မယ် တပ်မိသားစုတွေလဲ ဒီကိစ္စနဲ့ပတ်သတ်ပြီးမကျေနပ်ကြဘူး”ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်သို့ပြောသည်။

ဇူလိုင် ၄ ရက်နေ့ နေ့လယ်ပိုင်းက မအူပင်မြို့ ရှေ့ဘက်ကမ်းဘီးခွန်ဂိတ်အနီးရှိ စစ်ကောင်စီတပ် စခန်းချထားရာဂိတ်တွင် စစ်ကောင်စီတပ်မှ ဒုအရာခံဗိုလ်နှင့် ဗိုလ်ကြီး တစ်ဦးတို့ အချင်းချင်းစကားများရာမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အခင်းဖြစ်ရာ နေရာတွင်ပင် နှစ်ဦးစလုံး သေဆုံးခဲ့သည်။

သေဆုံးသွားသူ ၂ ဦးစလုံးကို ဇူလိူင်လ ၅ရက်နေ့နှင့် ၆ ရက်နေ့တွင် ပုသိမ်မြို့ကို ပြန်လည်သယ်ဆောင်လာကာ သဂြိုလ်ခဲ့ပြီး စစ်ကောင်စီတပ်တာ၀န်ရှိသူများက ဒုအရာခံဗိုလ်ကို တရားခံအဖြစ်သတ်မှတ်ပြီး မိသားစုအပေါ် အရေးယူအပြစ်ပေးမှုတွေပြုလုပ်တာဖြစ်ကြောင်းတပ်တွင်း သတင်းရင်းမြစ်များထံကသိရှိရသည်။

ဓာတ်ပုံ – ပစ်ခတ်မှုဖြစ်ခဲ့သည့် မြို့အဝင်စစ်ရေးဂိတ်အားတွေ့ရစဉ်

#‌စစ်ကောင်စီတပ်အချင်းချင်းပစ်ခတ်မှု #အရာခံဗိုလ်မိသားစု #နေအိမ်လိုင်းခန်းမှနှင်ချခံရ #နှစ်ဦးလုံးသေဆုံး #Ayeyarwaddy_Times