ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်

ပိုလန်နိုင်ငံဟာ မကြာသေးမီက ယူကရိန်းသို့ ဆိုဗီယက်ပြည်ထောင်စုခေတ်က ထုတ်လုပ်ခဲ့တဲ့ Mi-24 တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်ဒါဇင်ခန့် လျှို့ဝှက် လွှဲပြောင်းပေးခဲ့တယ်လို့ The Wall Street ဂျာနယ်က သတင်း ရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြပါတယ်။

“ယူကရိန်းရဲ့ မဟာမိတ်ဖြစ်တဲ့ ပိုလန်နိုင်ငံက ဆိုဗီယက်ပြည်ထောင်စုခေတ်က ထုတ်လုပ်ထားတဲ့ Mi-24 တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်ဒါဇင်ခန့် ယူကရိန်းသို့ လျှို့ဝှက် ပေးပို့ခဲ့ပါတယ်” လို့ အဆိုပါဂျာနယ်က ဖော်ပြခဲ့ပါ တယ်။

ရုရှားနိုင်ငံရဲ့ ခေတ်မီလေတပ်ဖွဲ့၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ နှိုင်းယှဉ်ရင် ယူကရိန်းနိုင်ငံရဲ့ လေတပ်ဖွဲ့က အင်အားနည်းပါးနေဆဲဖြစ်ကြောင်း ယင်းဂျာနယ်က ဖော်ပြပါတယ်။

ခေတ်မီ လေယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ အသုံးပြုပြီး မြေပြင် တပ်ဖွဲ့တွေကို ကာကွယ်ပေးကာ ထိုးစစ်ဆင်နိုင်ဖို့ လေကြောင်းကာကွယ်ရေးစနစ်တွေ ထောက်ပံ့ပေးကြဖို့ ယူက ရိန်းသမ္မတ ဇီလန်စကီးက အနောက်နိုင်ငံတွေထံ အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။

ဟောင်ဝှစ်ဇာအမြောက်ကြီးတွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ အပါအဝင် ဒေါ်လာ သန်း ၈၀၀ တန် ကြေးရှိ စစ်လက်နက်တွေ ယူကရိန်းသို့ ထောက်ပံ့မယ်လို့ ပင်တဂွန်က ဧပြီလအတွင်း ကြေညာခဲ့ပါတယ်။

အဆိုပါ လုံခြုံရေးအစီအစဉ်အရ အမေရိကန်နိုင်ငံက ယူကရိန်းသို့ Humvee သံချပ်ကာယာဉ် ၁၀၀၊ M113 သံချပ်ကာယာဉ် ၂၀၀ နဲ့ Mi-17 ရဟတ်ယာဉ် ၁၁ စင်း ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ ဒီနှစ်အတွင်း Mi-17 ရဟတ် ယာဉ် ၅ စင်း ယူကရိန်းသို့ ပေးပို့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ပိုလန်နိုင်ငံက ထောက်ပံ့ပေးခဲ့တဲ့ Mi-24 ရဟတ်ယာဉ်တွေဟာ တိုက်ခိုက်ရေးအတွက် အသုံးပြုနိုင်သလို အကြမ်းပတမ်းခံနိုင်ပြီး စစ်ဆင်ရေးတွေမှာ မြေပြင်တပ်ဖွဲ့တွေအတွက် လိုအပ်တဲ့ပစ်ခတ်မှုတွေ လုပ်ဆောင်ပေးနိုင် ပါတယ်။

အဆိုပါတိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို ပဋိပက္ခတွေနဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်တွေမှာလည်း အသုံးပြုခဲ့ပြီး တပ်ဖွဲ့တွေနဲ့ စစ်လက်နက်တွေလည်း သယ်ယူပို့ဆောင်နိုင်ပါတယ်။

ကိုးကား – Al Arabia News
Ref; Poland secretly handed Ukraine over a dozen Mi-24 attack helicopters: Report

#Ayeyarwaddy_Times