ဗွီအာတီ/ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇူလိုင်လ ၁၆ ရက်

ချင်းပြည်နယ်၊ မတူပီမြို့တွင် ယမန်နေ့၊ ဇူလိုင်လ (၁၅)ရက်နေ့က ဖနိုင်ကျေးရွာနှင့် ထီစောင်းကျေးရွာကြား၌ စစ်တပ်သတင်းပေးဟု နာမည်ကြီးသူအမျိုးသား(၁)ဦးမှာ ဆိုင်ကယ်ပေါ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ စစ်ကောင်စီတပ်အခြေချသည့် စစ်ဗျူဟာကုန်းတွင် နေထိုင်သူဖြစ်ပြီး ဘုံတလာရေတံခွန်ဘက်သို့ သွားရာလမ်းတွင် ဆိုင်ကယ်ပေါ်၌ ပစ်ခတ်ခံရပြီးသေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။

“ဘုံတလာရေတံခွန်ဘက်သို့ သွားရာလမ်းဖြစ်တဲ့ ဖနိုင်ကျေးရွာ-ထီစောင်းကျေးရွာကြားမှာ ယမန်နေ့က အမျိုးသား(၁)ဦးဆိုင်ကယ်ပေါ်မှာ ပစ်သတ်ခံရပါတယ်၊ ပစ်သတ်ခံရတဲ့ အမျိုးသားဟာ စစ်ဗျူဟာကုန်းမှာ နေထိုင်ပြီး စစ်တပ်သတင်းပေးလို့ နာမည်ပျံ့နေတာကြာပြီ၊ ဆိုင်ကယ်ပေါ်မှာ အရက်(၁)ဂါလံနဲ့ ဓာတ်ဆီ(၁)ဂါလံသယ်တာတွေ့ရတယ်၊ စစ်တပ်ဘက်ကလည်း အလောင်းလာမကောက်ရဲကြဘူး၊ မတူပီမြို့၊ ရပ်မိ/ရပ်ဖတွေက မော်တော်ယာဉ်တစ်စီးနဲ့ အလောင်းလာကောက်ကြတာ”ဟု မတူပီမြို့နေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူမှာ စစ်ဗျူဟာကုန်းတွင် ၎င်း၏မိသားစုနှင့်အတူနေထိုင်ကြောင်းသိရပြီး စစ်ဗျူဟာမှူးအတွက် ထမင်းချက်ခြင်း၊ မြို့တွင်း/မြို့ပြင်များတွင် လိုအပ်သော အလုပ်များ ခိုင်းစေခြင်းနှင့် စစ်တပ်သတင်းပေးခြင်းတို့ကို လုပ်ကိုင်ခြင်းကြောင့် ဗျူဟာမှူး၏ လူယုံတစ်ယောက်အဖြစ်လူသိများကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

မတူပီမြို့နယ်က သတင်းပေး(ဒလန်)ဟု နာမည်ကြီးသူတစ်ဦး ပစ်ခတ်ခံရမှုဖြစ်စဥ်အား မည်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့သည်ဟု သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပေ။