ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၆ ရက်

မဇ္ဈိမ သတင်းဌာန၏သတင်းထောက်ဖြစ်သူ မငြိမ်းငြိမ်းအေး(ခ) မမေဘဲလ်ကို ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က ဖြင့် ဇူလိုင်လ ၁၄ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်အထိ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ခြင်းသည် သတင်းမီဒီယာများအပေါ် အာဏာသိမ်း စစ်ကောင်စီမှ ဖိနှိပ်ခြင်းဖြစ်ကြောင်း သတင်းသမားများနှင့် တရားရေးဌာနဝန် ထမ်းများက ဝေဖန်လိုက်သည်။

အပြီးသတ်လျှောက်လွှဲချက်များကို သေချာစွာပေး အပ်ခဲ့သော်လည်းအမှုစီရင်သည့် အင်းစိန်ထောင်တွင်းရှိ တရား သူကြီးကမျက်နှာမကောင်းသလို အမိန့်ချရာတွင်လည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃(က)အရ တရားရှင်မလွှတ်ဘဲ အမြင့်ဆုံးပြစ် ဒဏ်ဖြစ်သော ထောင်ဒဏ် ၃ နှစ်အပြင် အလုပ် ကြမ်းကိုပါ ထည့်သွင်းချမှတ်ခဲ့ခြင်းဖြစ် ကြောင်း တရားရေးဌာနနှင့် နီးစပ်သူတဦးထံမှ သိရသည်။

”သူ့ပထွေး ပေးတဲ့အမိန့်အရ ချလိုက်တာပဲ။ ၅ဝ၅- က မှာ အမြင့်ဆုံးမှ ထောင်ဒဏ် ၃ နှစ်ကို အလုပ် ကြမ်းကိုပါ ထည့်လိုက်သေးတယ်။ အယူခံတင်ပါ့မယ်။ ပြည်ထောင် စုတရားလွှတ်တော် စုံညီခုံရုံးအထိ တင်မယ်။ အမှန်တရားက ဘာလဲ။ ဥပဒေက ဘာလဲ။ ဥပဒေသမားတယောက်အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ဘူး” ဟု တရားလွှတ်တော်ရှေ့နေ တဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

သတင်းသမားများအနေဖြင့် မည်သည့်အစိုးရ တက်လာသည်ဖြစ်စေ ပြည်သူများအပေါ် ဖြစ်ပျက်နေသော သတင်းဖြစ်ရပ်များကို သတင်းအလုပ် လုပ်ရမည်က မိမိတို့ တာဝန်သာဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို မိမိတို့ လူ့အခွင့်အရေး ကျူးလွန်မှုများ၊ ဖောက်ဖျက်မှုများ ပြုလုပ်မည်ဆိုလျှင် အများနှင့် သက် ဆိုင်သည့် မည်သည့်ကိစ္စရပ်များကိုမဆို သတင်းသမားများအနေဖြင့် ဖော်ထုတ်ရေးသားရမည်က တာဝန်တရပ်ပင်ဖြစ်ကြောင်း လုပ်သက် ၁၅ နှစ်ရှိ ဝါရင့်သတင်းစာ ဆရာ တဦးက သုံးသပ်သည်။

အာဏာသိမ်း စစ်တပ်အနေဖြင့် သတင်းမီဒီယာများအပေါ် ရည်ရွယ်ချက်ရှိရှိဖိနှိပ်နေသည့်အပြင်လက်ရှိ ကာလတွင် ၎င်းတို့၏ လက်ဝေခံဝါဒဖြန့် သတင်းမီဒီယာများမှလွဲပြီး မည်သည့် သတင်းသမားများကိုမဆို ဖမ်းဆီးခြင်း၊ ထောင်ချခြင်းများကြောင့် မြန်မာ နိုင်ငံအတွင်း သတင်းကဏ္ဍအနေဖြင့် ရှင်သန်ရပ်တည်ရေးတွင် များစွာခက်ခဲနေပြီဖြစ်ကြောင်း သူက ဆက်ပြော သည်။

”သတင်းသမားတဦးက သတင်းထောက်မလုပ်တော့တာတောင်မှ ဖမ်းတယ်။ အမှုဆင်ထောင်ချတယ်။ ကျနော်တို့ မြန်မာသတင်းသမား အခုဆိုရင် ၇ဝ ကျော်လောက်အထိ အဖမ်းခံရတယ်။ ထောင်ချခံရတယ်။ သူတို့ဝါဒဖြန့်တဲ့ သတင်းတွေကို လုပ်ပေးသူဆိုရင် ကျပ်သိန်း ၅ ထောင်အထိ ငွေထုတ်ချေးတယ်။ တချို့ကိုဆို ရွှေတွင်းတွေလို လုပ်ကွက်တွေဖန်တီးပေးတယ်။ တခုတော့ပြောထားတယ်။ တိုင်းပြည်အတွက် တကယ်စစ်မှန်တဲ့ စိတ်ရင်းစေတနာရှိတဲ့ သတင်းဌာနတွေက ဘယ်လိုဟာတွေ၊ ဘယ်သူတွေက စစ်တပ်လော်ဘီတွေဆိုတာ ပြည်သူတွေသိတယ်။ တချိန်ကြရင်တော့ အဲ့ဒီက သတင်းသမားတွေ သတင်းလောကထဲက လောက်ကောင်တွေပဲဆိုတာ ပြည်သူက ဆုံးဖြတ်လိမ့်မယ်” ဟု သူက ဆို သည်။

သတင်းထောက် မေဘယ်သည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရန်ကုန်မြို့၊ဆူးလေတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးပြီးနောက် ၆ လအကြာတွင် ယခုကဲ့သို့ ထောင်ဒဏ်များချမှတ်ခံခဲ့ရခြင်းဖြစ်သည်။