ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ငရဲကျေးရွာအတွင်းမှ နေအိမ်များအတွင်းရှိ ပစ္စည်းများကို ဇူလိုင်လ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်သားများက ဖောက်ထွင်းယူဆောင်သွားကြောင်း သတင်းရရှိသည်။
အဆိုပါ စစ်ကောင်စီတပ်သားများသည် ရငဲကျေးရွာ ဘုရားတောင်တွင် တပ်စွဲထားပြီး ရဲငဲကျေးရွာရှိ နေအိမ်များနှင့် လဝန်း စတိုးဆိုင်မှ အစားအသောက် ကုန်ခြောက်များ အမျိုးသမီးသုံး ချိတ်ပါတိတ်ထမီ၊ ဘောင်းဘီ၊ စကပ်၊ ရေမွှေး စသည့်ပစ္စည်းများကို ဖောက်ထွင်းယူဆောင်သွားကြောင်း ဒေသခံများကပြောသည်။
“ဆန်၊ ဆီ၊ ဆား၊ငရုတ်၊ ကြက်သွန်၊ ငါးပိ၊ ငါးခြောက်ကအစ ခိုးယူပြီး ကလေးအဝတ်ပါမချန် ခိုးယူတဲ့အပြင် မိန်းကလေး အသုံးအဆောင်တွေပါယူကြတာ။ စိတ်ဓာတ်တွေက အတော်လေးရွံစရာတွေပါ။ ရွာထဲလဲ အိမ်တိုင်းလိုလို တန်ဘိုးရှိတာရော မရှိတာရော စစ်သားနဲ့ရဲယူလို့ အခုဆိုကုန်သလောက်ရှိနေပြီ” ဟု ရငဲကျေးရွာ သားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဇူလိုင်လ ၃ ရက်နေ့ကလည်း ရငဲကျေးရွာတွင်းရှိ အဖိုးတန်ဆိုင်ကယ်များဖြစ်သည့် ကလစ်၊ PCX၊ Dream 125 ရွှေလိုင်း စသည့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားပြီး သရက်ချောင်းမြို့ပေါ်တွင် လျှော့စျေးနှင့် ရောင်းချခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် ရငဲကျေးရွာ ဘုရားတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် ရွာအတွင်း လမ်းဘေးဝဲယာရှိ သစ်ပင်များအားခုတ်လှဲပြီး လမ်းအချို့ကိုလည်း ပိတ်ထားကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ-ရငဲကျေးရွာစျေးလမ်းထိပ်
#ရငဲရွာကျေးရွာ #အစားအသောက် #ထမီဘောင်းဘီစကပ် #စစ်ကောင်စီတပ်သားများ #ဖောက်ထွင်းယူဆောင်
#Ayeyarwaddy_Times