ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ဝောာင်ကလေးရဲစခန်းနှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလယ်တံခွန်တိုင်ရဲစခန်းကို ဇူလိုင်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့ နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံး ဦးသေဆုံးပြီး ခြောက် ဦးဒဏ်ရာရရှိခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.Fက ထုတ်ပြန်ထားသည်။

စစ်ကောင်စီက လက်နက်အင်အား လူအင်အား ဖြည့်တင်းရန် လုပ်ဆောင်နေသည့် တောင်ကလေးရဲစခန်းနှင့် တံခွန်တိုင်ရဲစခန်းကို ဇူလိုင်လ ၆ ရက်နေ့တွင် ၆၀ မမ၊ ၈၀ မမ ဒရုန်းဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ရာ တောင်ကလေးရဲစခန်းမှ ရဲတပ်သား နှစ် ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း သိရသည်။

“တောင်ကလေးရဲစခန်းနဲ့ တံခွန်တိုင်ရဲစခန်းကိုတိုက်ခိုက်တာက အဲ့ဒီစခန်းတွေကို စစ်ကောင်စီက အင်အားဖြည့်နေတာရှိတယ်။ ခုနောက်ပိုင်းမှာ ထပ်ပြီးတော့ လူအင်အား၊ လက်နက်အင်အား ဖြည့်မယ်ဆိုတာ သိရတော့ ကြိုတင်ပြီးတော့ တိုက်ခိုက်လိုက်တဲ့ သဘောပါ။” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F တာဝန်ရှိသူ အောင်စံရှားက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခလယ်တံခွန်တိုင်ရဲစခန်းကို ဇူလိုင်လ ၇ ရက်နေ့တွင် ထပ်မံ၍ ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ အဆိုပါရဲစခန်းရှိ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.Fနှင့် KNLAပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလယ်တံခွန်တိုင်ရဲစခန်း၊ ခလရ ၂၈၃ တပ်ရင်း၊ ခုတ်ခွါးစခန်း၊ အဘစ်စစ်ကောင်စီဂိတ်နှင့် စစ်ကောင်စီတပ်စခန်းများကို နေစဉ်ဒရုန်းများ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ ကြောင်း လည်း ထုတ်ပြန်ချက်တွေင် ဖော်ပြထားသည်။

ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F
#တောင်ကလေး #ခလယ်တံခွန်တိုင် #ရဲစခန်း #ဒရုန်း #SOF #KNLA #CloudWings #Ayeyarwaddy_Times