ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇူလိုင် ၉ ရက်)
“ယောက်ျားမှာဆီး မိန်းမမှာမီး” ဆိုတဲ့ ဆိုးရိုးစကားကို ကြားဖူးကြမှာပါ။ မီးယပ်ရောဂါဟာ အမျိုးသမီးများကို ဒုက္ခပေးတတ်တဲ့ ရောဂါ ဖြစ်သလို ဆီးရောဂါဟာလည်း အမျိုးသားများကို ဒုက္ခပေးတတ်ပါတယ်။
ယခုတစ်ပတ်မှာတော့ အမျိုးသားများကို ဆီးပြဿနာအဖြစ် ဒုက္ခပေးတဲ့ ဆီးကျိတ်ကြီးခြင်း၊ ဆီးကျိတ်ရောင်ခြင်း၊ ဆီးကျိတ်ကင်ဆာ အကြောင်းတွေကို ဖော်ပြ ပေးသွားမှာဖြစ်ပါတယ်။
ဆီးကျိတ်ဆိုတာကတော့ အမျိုးသားတွေမှာပဲရှိတဲ့ အင်္ဂါအစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ အမျိုးသားတွေ သုတ်ရည်ထွက်နိုင်ဖို့ သုတ်လွှတ်နိုင်ဖို့ Prostate Gland လို့ခေါ်တဲ့ ဆီးကျိတ်မဖြစ်မနေ လိုအပ်ပါတယ်။ အသက်ကြီးလေလေ ဆီးကျိတ်ကလည်းကြီးလာ လေလေပါပဲ။
အသက်အရွယ် ရလာတဲ့ အမျိုးသားတွေအနေနဲ့ ဆီးကျိတ်ကြီးလာခြင်းရဲ့ နောက်ဆက်တွဲ အဖြစ် ဆီးသွားရခက်ခဲခြင်းကို ကြုံတွေ့ခံစားရပါတယ်။
#ဆီးကျိတ်ကြီးခြင်း-Benign prostatic hyperplasia (BPH)
အသက်ကြီးလို့ ဆီးကျိတ်ကြီးတာ သဘာဝပဲဖြစ်ပါတယ်။ သူ့ဘာသာသူ သီးသန့်ကြီးလာတာ ပြဿနာမရှိပေမယ့် ကြီးလာတဲ့ဆီးကျိတ်က ဆီးအိမ်ထွက်ပေါက်မှာ ရှိနေတဲ့ ဆီလမ်း ကြောင်းကိုဖိပါတယ်။ ပိတ်စို့လိုက်ပါတယ်။ ဒါကြောင့် ဆီးကျန်တာ ဆီးသွားရ ခက်ခဲတာ ဆီလမ်းကြောင်းပိုးဝင်တာ ဆီးထဲသွေးပါတာ ဆီးအိမ်အတွင်း ကျောက်တည် တာတွေ ဖြစ်လာ တတ်ပါတယ်။ တွေကြုံရတတ်ပါတယ်။
မကြာခဏဆီးသွားရခြင်း၊ ဆီးမထိန်းနိုင်ခြင်း ၊ ညဘက်ဆီးသွားများခြင်း ၊ ဆီးသွား ရခက်ခဲခြင်း (ဆီးစသွားရန်ခက်ခဲသလို ဆီးပြတ်တောင်း ပြတ်တောင်းသွားခြင်း ဆီးလုံးသေးသွားခြင်း) ဆီးသွားပြီးပေမယ့် ဆီးကျန်သလိုခံစားရခြင်း ၊ ဆီးညှစ်ရခြင်း၊ ဆီးတစက်စက်ကျခြင်းနဲ့ ဆီးယိုစိမ့်ခြင်း ပြဿနာတွေပါဖြစ်နိုင်ပါတယ်။
ဆီးကျိတ်ကြီးခြင်းနှင့် နောက်ဆက်တွဲဆီးရောဂါတွေ စမ်းသပ်ဖို့အတွက် စအို အတွင်းမှ တစ်ဆင့် စမ်းသပ်ခြင်း၊ အာထရာဆောင်း တယ်လီဗေးရှင်းဓါတ်မှန်ရိုက်ခြင်း ၊ ဓါတ်မှန် ရိုက်ခြင်း၊ ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း၊ သွေးစစ်ဆီးစစ်ခြင်း၊ ဆီးလမ်းကြောင်း မှန်းပြောင်းကြည့်ခြင်းတွေ အပါအဝင် ဆီးကျိတ်အသားစ စစ်ဆေးခြင်းတွေကို ပြုလုပ်ရ ပါတယ်။
ဆီးကျိတ်ကြီးတာကို ဆေးဝါးဖြင့်ကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ ဆီးလမ်း ကြောင်းမှ ဆီးကျိတ်ခြစ်ခြင်း နည်းလမ်းတွေနဲ့ ကုသလို့ရပါတယ်။
အသက်အရွယ်ရလာသူတွေဟာ ဆီးကျိတ်ကြီးခြင်း နဲ့ နောက်ဆက်တွဲပြသနာတွေကို သက်သာလျော့နည်းစေဖို့အတွက် လူနေမှုပုံစံ နဲ့ အမူအကျင့်တွေ ပြောင်းလဲဖို့ လိုအပ် ပါတယ်။
အရက်နဲ့ ကဖိန်းဓာတ်ပါတဲ့ အဖျော်ယမကာတွေကို ရှောင်ရပါမယ်။ ဆီးပြဿနာ ရှိတဲ့အတွက် အရည်အများကြီးသောက်ခြင်းကိုရှောင်ပါ။ အိပ်ခါနီး အရည်လျော့ သောက်ပါ။ ကိုယ်လက်ကျန်းမာဖို့ လေ့ကျင့်ခန်းများလုပ်ပေးပါ။ အချိန်မှန် အိပ်ရာ ဝင်ပါ။ အိပ်ရာဝင်ခါနီးဆီးသွားပါ။ ခဏစောင့်ပြီး နောက်ထပ်တစ်ကြိမ် ထပ်မံ ဆီးသွား ကြည့်ပါ။ စိတ်ဖိစီးမှုများကိုဖြေလျှော့နိုင်ဖို့ ကြိုးစားပါ။
#ဆီးကျိတ်ရောင်ခြင်း (Prostatitis)
ဆီးလမ်းကြောင်းပိုးဝင်ခြင်းကနေ အစပြုပြီး ဆီးကျိတ်ရောင်ရောဂါအထိ ဖြစ်သွားတတ် ပါတယ်။ ဆီးကျိတ်ကြီးခြင်းကြောင့် ဆီးမသွားနိုင်ဘဲ ဆီးစုပုံပြီး ပိုးပေါက် လွယ်တာ ကြောင့် ဆီးကျိတ်ရောင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
ဆီးကျိတ်ခွဲစိတ်မှုအပြီး နောက်ဆက်တွဲအနေနဲ့ ရံဖန်ရံခါ ဆီးကျိတ်ရောင်တာလည်း ကြုံတွေ့ဖူးပါတယ်။ ရှားရှားပါးပါး ကူးစက် လိင်ရောဂါတွေကြောင့်လည်း ဆီးကျိတ် ရောင်နိုင်ပါတယ်။
ဆီးကျိတ်ကြီးရောဂါရှိတဲ့သက်ကြီးအမျိုးသားတွေ၊ ဆီးလမ်းကြောင်းပိုးဝင်သူတွေ၊ ဆီးကျိတ်ခွဲစိတ်ထားသူတွေ၊ ဆီးကျိတ်ရောင်ဖူးသူတွေနဲ့ ဆီးပိုက်နဲ့နေရသူ နာတာရှည် ရောဂါသည်တွေဟာ ဆီးကျိတ်ရောင်ဖို့ အခွင့် အလန်းပိုများကြပါတယ်။
ချမ်းတုန်ဖျားခြင်း၊ ပေါင်ခြံ၊ လိင်တံ၊ ကပ်ပယ် အိတ်နဲ့ စအိုအနီးအနားတွေနာကျင်ခြင်း၊ ခါးနာခြင်း ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း၊ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း၊ ဆီးသွားရခက်နာကျင်ပူလောင်ကိုက်ခဲခြင်း၊ မကြာ ခဏဆီးသွားချင်ခြင်း၊ ဆီးမထိန်းနိုင် ခြင်း၊ ဆီးလုံးသေးခြင်း၊ ဆီးအတွင်းသွေးပါခြင်း၊ လိင်တံမှအရည်များ ဆင်းခြင်း၊ သုက်လွှတ်စဉ်နာကျင်ခြင်း၊ ပန်းသေပန်းညှိုးကဲ့သို့ ခံစားရခြင်း တွေက ဆီးကျိတ်ရောင် ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။
ဆီးကျိတ်ရောင်တာကို စနစ်တကျမကုသခဲ့ရင် နောက်ဆက်တွဲပြသနာအနေနဲ့ ဆီးကျိတ် ရောင်ခြင်းကနေ ဆီးကျိတ်ပြည်တည်နာဖြစ်သွားနိုင်ပါတယ်။ ဆီးကျိတ်အနီးနားမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို ပိုးပြန့်နှံ့ရောင်ရမ်း တာမျိုး တွေကြုံရနိုင်ပါတယ်။ ဆီးအိမ် ရောင်ခြင်း ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း ကျောက်ကပ်ပိုးဝင်ခြင်း တွေလည်း ဖြစ်တတ်ပါတယ်။
ဆီးကျိတ်ရောင်တာကတဆင့် သွေးထဲပိုးဝင်ပြီး ခန္ဓာကိုယ်အနှံ့ပိုးပျံ့နှံ့ဝင်ရောက်ခြင်း ကြောင့် ရောဂါပြင်းထန်စေတတ်ပါတယ်။ ပန်းသေပန်းညှိုးဖြစ်ခြင်း မျိုးအောင်နိုင်စွမ်း လျော့နည်းခြင်းတွေ ပါကြုံတွေ လာနိုင်ပါတယ်။
ဆီးကျိတ်ကြီးခြင်း နဲ့ ရောဂါသိရှိရဖို့အတွက် ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ပြီးရင် ဆေးဝါးများနဲ့ စနစ်တကျကုသရမှာ ဖြစ်ပါတယ်။
#ဆီးကျိတ်ကင်ဆာ(Prostate Cancer)
ဆီကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာအဖြစ်များတဲ့ ကင်ဆာရောဂါတစ်ခုပါ။ ဆီးကျိတ်ရောင်ခြင်း ဆီးကျိတ် ကြီးခြင်းတွေလိုပဲ ရောဂါလက္ခဏာတွေခံစားရပါတယ်။ ဒါတွေအပြင် ပိန်ချုံးခြောက်ပြီးချိနဲ့လာတာ၊ အရိုးတွေနာတာ၊ ခြေထောက်တွေ တင်းပြီး ဖောင်းနေတာ၊ သွေးကြောတွေဖောင်းလာတာ နဲ့ အာရုံကြောရောဂါလက္ခဏာ တွေခံစားရတာ ပဲဖြစ်ပါတယ်။
ဒါကြောင့် ဆီးကျိတ်ကြီးတဲ့အခါ ရိုးရိုး ဆီးကျိတ်ကြီးရောဂါ BPH လား၊ ဆီးကျိတ် ကင်ဆာလား ဆိုတာ သိရဖို့လိုအပ်ပါတယ်။
ဆီးကျိတ်ကင်ဆာ ဖြစ်ပြီဆိုရင် အရေးတကြီးကုသမှုအမြန်လိုအပ်ပါတယ်။ ကင်ဆာ ရောဂါပျံ့နှံ့ပြီးမှ သိတာဆိုရင်တော့ ကုသဖို့ ခက်ခဲပြီးလူနာ အသက်ဆုံးရှုံးနိုင်ပါတယ်။
ဆီးကျိတ်ကင်ဆာလက္ခဏာတွေဖြစ်တဲ့ ပိန်သွားခြင်း ၊ အစားမစားဝင်ခြင်း၊ ဖြူဖျော့သွေး အားနည်းခြင်း၊ အရိုးများနာခြင်း၊ အရိုးကျိုးလွယ်ခြင်း နဲ့ အာရုံကြောမကြီးထိခိုက် ခြင်းကြောင့် အာရုံကြောရောဂါလက္ခဏာ ခံစားရခြင်းတွေ အပါအဝင် ကင်ဆာ ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို လူးလိမ့် နေအောင် ခံစားရမှာပဲဖြစ်ပါတယ်။
ဒါကြောင့် ရောဂါကို စောလျင်စွာ တွေ့ရှိဖို့လိုပါတယ်။ ရောဂါရှာဖွေစစ်ဆေးပြီး တွေ့ရှိ တဲ့အခါမှာလည်း ခွဲစိတ်ကုသခြင်း အပါအဝင် ဓာတ်ရောင်ခြည်ပြကုသခြင်း၊ Cryotherapy လို့ခေါ်တဲ့ အေးခဲစေတဲ့နည်းဖြင့်ကုသခြင်း၊ ဟော်မုန်း ဆေးများဖြင့် ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ Immunotherapy လိုခေါ်တဲ့ ကိုယ်ခံအားထိန်းဆေးများဖြင့် ကုသခြင်း စတဲ့ နည်းလမ်း ပေါင်းစုံနဲ့ ကုသနိုင်ပါတယ်။
ဒါကြောင့် အသက် ၅၀ ကျော်လာ အမျိုးသားတိုင်း ဆီးကျိတ်ကျန်းမာရေးအကြောင်း သိထားဖို့လိုအပ်ဲပီး ကျန်းမာရေးဗဟုသုတအနေနဲ့ အချင်းချင်း မျှဝေပေးစေလိုပါတယ်။
ဆီးရောဂါလက္ခဏာခံစားရပြီဆိုပါက ဆရာဝန်နဲ့တွေ့ဖို့ ဆွေးနွေးတိုင်ပင်ဖို့ ရောဂါရှာ ဖွေကုသဖို့ မနှောင့်နှေးကြပါနဲ့။ မကြောက်ပါနဲ့။ အမျိုးသားတိုင်း ဆီးရောဂါနဲ့ ဆီးကျိတ်ပြဿနာတွေကနေ ကင်းဝေးကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
နောက်တစ်ပတ်မှာတော့ အဝလွန်ခြင်းအကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်တာကြောင့် Ayeyarwady Times သတင်းစာမျက်နှာကို စောင့်မျှော်ဖတ်ရှုကြဖို့ တိုက်တွန်း လိုက်ပါတယ် ခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အမျိုးသားများ #ဆီးကျိတ်ကျန်းမာရေးအကြောင်းသိကောင်းစရာ #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)