ဧရာဝတီတိုင်းမ်
နတ်တလင်း ၊ ဇူလိုင်လ ၉ရက်
ပဲခူးတိုင်း နတ်တလင်းမြို့နယ်ညောင်လေးပင် ကျေးရွာတွင်ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ဇူလိုင်လအတွင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေကြရာ တစ်နှစ်ကျော်ကြာမြင့်လာသည့်အတွက် ဆေးဝါးများနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများထံကသိရသည်။
စစ်ဘေးရှောင်ဒေသခံများအနေဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသည့် အချိန်ကာလ ကြာမြင့်လာမှုနှင့် အတူ ယခုနှစ်မိုးရာသီကာလအတွင်း ဖြစ်ပွားနေသည့် ငှက်ဖျား၊တုပ်ကွေး၊ ဝမ်းနှင့်ပက်သက်သည့်ရောဂါ စသည်တို့ကို ကုသ ပေးနိုင်ရန်အတွက် ဆေးဝါးများအပြင် စားနပ်ရိက္ခာများလိုအပ်နေကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၁) မှ Rebel က ဧရာဝတီတိုင်းမ်ကို ပြောသည်။
” အဓိကလိုအပ်နေတာကတော့ စားနပ်ရိက္ခာအပြင် အခုမိုးရာသီဆိုတော့ ဆေးဝါးတွေ လိုအပ်နေပါတယ်။ မိုးရာသီဆိုတော့ ဖြစ်နေတဲ့ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ တုပ်ကွေး၊ ဝမ်းနဲ့ပက်သက်တဲ့ ရောဂါတွေကို ကုသပေးဖို့ ဆေးဝါးတွေ အလုံအလောက်မရှိတာနဲ့ စားနပ်ရိက္ခာ အတွက်လည်း အထောက်အပံ့တွေ လိုနေတာပေါ့” ဟု ၄င်းကပြောသည်။
ထို့အပြင် စစ်ဘေးရှောင်ဒေသခံများအတွက် စားနပ်ရိက္ခာများကို ထောက်ပံ့ပေးမှုအပေါ် အကန့်အသတ်ဖြင့် လုပ်ဆောင်နေရကာ ရိက္ခာ ရရှိရေးအတွက် စိုက်ပျိုးရန် မျိုးစပါးနှင့် သီးနှံမျိုးစေ့များ လိုအပ်နေကြောင်းလည်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသည့် နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နတ်တလင်းပကဖ) ထံက သိရသည်။
” ကျွန်တော်တို့ထောက်ပံ့နိုင်တာကလည်း လူဦးရေအားလုံးအတွက် မထောက်ပံ့နိုင်တော့ စားစရာဆန်တောင် မရှိတဲ့ လူတွေကိုဦးစားပေးပြီး အရင်ထောက်ပံ့ပေးထားတာပါ။အခုမိုးရာသီဆိုတော့ရိက္ခာအတွက် စိုက်ပျိုးကြဖို့ မျိုးစပါးတို့ သီးနှံမျိုးစေ့တို့လည်း လိုအပ်ပါတယ်ခင်ဗျ” ဟု နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (နတ်တလင်းပကဖ) အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
အလားတူ စစ်ဘေးရှောင်ဒေသခံများ၏ ကျန်းမာရေးအပေါ် သာယာဝတီခရိုင်တပ်ရင်း(၃၈၀၁)၏ ဆေးတပ်သားများက ရှိသည့်ဆေးဝါးများဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနေကာ ကုသရန်ဆေးဝါးများ လိုအပ်နေကြောင်းလည်း သိရသည်။
” ဆေးခန်းဖွင့်ပြီးစောင့်ရှောက်မှူ့မျိုးတော့ မပေးနိုင်သေးပါဘူးခင်ဗျ။ ဆေးဝါးလုံလောက်မှူ့လည်း မရှိလို့ပါကျန်းမာရေးအတွက်ကတော့ လောလောဆယ် တပ်ခွဲ(၂)၊ (၃)၊ (၄) မှာရှိတဲ့ ဆေးတပ်သားတွေက တတ်နိုင်သလောက်ပေါ့ ရှိတဲ့ဆေးဝါးနဲ့ စောင့်ရှောက်မှု့ပေးနေပါတယ်”ဟု တာဝန်ခံ Rebel ကပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း၌ နတ်တလင်းမြို့နယ် ညောင်လေးပင်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်ဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့မှုကြောင့် ဒေသခံ ၁၀၀၀ ဝန်းကျင်မှာ ပဲခူးရိုးမ အနောက်ဘက်ရှိ တောတောင်များအတွင်းသို့ တိမ်းရှောင်ခဲ့ကြရသည်။
ထို့အပြင် နတ်တလင်းမြို့နယ်ရှိ စစ်ဘေးရှောင် ဒေသခံ ၁၀၀ နီးပါးအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ထောက်ပံ့ရန် “မြယာကျော ကူညီထောက်ပံ့ရေးအဖွဲ့”နှင့် နတ်တလင်း ပကဖအဖွဲ့တို့က ဇူလိုင်လ ၅ ရက်နေ့၌ ငွေကြေးထောက်ပံ့ပေးမှု ပြုလုပ်ခဲ့ပြီး ပါဝင်ထောက်ပံ့ လိုသူများအနေဖြင့် နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ လူမှုစာမျက်နှာထံသို့ ဆက်သွယ်၍လှူဒါန်းနိုင်ကြောင်းအသိပေးထားသည်။
ဓာတ်ပုံ – သာယာဝတီခရိုင်တပ်ရင်း(၃၈၀၁)
#တစ်နှစ်ကျော်ကြာ #တိမ်းရှောင်နေရ #ညောင်လေးပင် #ဒေသခံ၁၀၀၀ဝန်းကျင် #ဆေးဝါး #စားနပ်ရိက္ခာလိုအပ်
#Ayeyarwaddy_Times