ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်
ကလေးသူငယ်များတွင် ရာသီတုပ်ကွေးဗိုင်းရပ်စ်နှင့် အဆုတ်လေပြွန်ရောင်နာ (Bronchiolotis) ရောဂါဖြစ်ပွားမှု များနေသဖြင့် ဆေးကုသမှုခံယူနေရသည့် ကလေးငယ် များပြားနေပြီး သတိထားပြုစု စောင့်ရှောက်ရန် လိုအပ်ကြောင်း ကလေးအထူးကု ဆရာဝန်တစ်ဦး က ပြောကြားသည်။
လက်ရှိကလေးငယ်များ ဖျားနာနေပြီး အောက်ဆီဂျင်ကျသဖြင့် ဆေးရုံတက် ဆေးဝါးကုသမှုခံယူနေရသူ များပြားနေ၍ ဆေးရုံ၊ ဆေးခန်းများ၌ အခန်းများပြည့်နေကာ ဗိုင်းရပ်ပိုးပြင်းထန်မှုကြောင့်သေဆုံးသွား ရသည့် ကလေးသူငယ်တချို့ရှိကြောင်းလည်း သတင်းရရှိသည်။
ဇွန်လကုန်ပိုင်းတွင် ပါရမီဆေးရုံ၊ အာယုအင်တာနေရှင်နယ်ဆေးရုံအပါအဝင် ပင်လုံဆေးရုံတို့တွင် ကလေးလူနာများ ပြည့်နေကြောင်း ဖျားနာ၍ ဆေးရုံတက်ဆေးကုသမှု ခံယူခဲ့ရသည့် အသက် ငါး နှစ်ရွယ်ကလေး၏ မိခင်တစ်ဦးက ပြောသည်။
ယင်းပြင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရချိန်တွင် ရောဂါအခံရှိသော ကလေးငယ်များနှင့် ကိုယ်ခံအားနည်း သည့် ကလေးငယ်များသည် ပြင်းထန်စွာခံစားရပြီး အောက်ဆီဂျင်ကျသွားနိုင်သဖြင့် သတိပြုရန်လိုအပ်ကြောင်း ကလေးအထူးကု ဆရာဝန်တစ်ဦးက ဆိုသည်။
“ ပုံမှန်ဆို ငါး နှစ်အောက်ပဲစိုးရိမ်ရတာ အခုကလေးအကြီးတွေပါစိုးရိမ်ရတာတဲ့အခြေအနေဖြစ်တယ်။ ပုံမှန်ဆိုရင် အသက် ငါး နှစ်အထက် ကလေးတွေဖြစ်ရင် ဘာမှစိုးရိမ်စရာမရှိဘူး။ ဒါပေမယ့်အခုနောက်ပိုင်းက ဘယ်လိုဖြစ် လာလဲဆိုတော့ ကိုဗစ်ကာလမှာ ကလေးတွေက အိမ်ထဲမှာပဲနေလိုက်ရတော့ အပြင်ရောဂါပိုးတွေနဲ့ ဝေးပြီးတော့ခံရည်မရှိဘူးဖြစ်သွားတာ ” ဟု ၎င်းက မှတ်ချက်ပြုသည်။
လက်ရှိဖြစ်ပွားနေသည့်ပြင်းထန် အဆုတ်လေပြွန်ရောင်ရောဂါသည် အသက် ခြောက်လနှင့် ၁၂ လ အောက်ကလေးငယ် များတွင် အဖြစ်များတတ်ပြီး ယခုအချိန်တွင် အသက် ရှစ် နှစ်ကျော် အရွယ်ထိ ကလေးများတွင် ဖြစ်ပွားနေသဖြင့် စိုးရိမ်ရခြင်းဖြစ်ကြောင်း ကလေးအထူးကုဆရာဝန်များက မှတ်ချက်ပြုသည်။
တုပ်ကွေးရာသီတွင်ဖြစ်ပွားတတ်သည့် တုပ်ကွေးဗိုင်းရပ်စ်ပိုးနှင့် လေပြွန်ရောင်ဗိုင်းရပ်ပိုးကြောင့် ကျောင်းစဖွင့်ချိန် ဇွန်လ အစပိုင်းကတည်းက ကလေးအများစု ဖျားနာနေကြခြင်းဖြစ်ကြောင်း ကလေး မိခင်တစ်ဦးက ပြောသည်။
“ ကလေးဖျားတာက ၃ ရက်ဆက်တိုက်ပဲ အဖျားက ၁၀၂/ ၁၀၃ ကျော်တယ်။ ညဆိုအန်တယ်။ ချောင်းဆိုးတယ်။ နှာစေးတယ်။ နုံးနေတယ်။ အစားလုံးဝကျွေးမရဘူး။ အခုလေး ငါးရက်နေတော့ အဲဒီရက်ကိုကျော်သွားပြီးတော့ အစားပြန်စားပါတယ်။ အဖျားက ၉၉/၁၀၀ လောက်ပဲရှိ တော့တယ်။ ကျောင်းတစ်ပတ်တော့ဆက်နားထားတယ်” ဟု ကလေးမိခင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျောင်းနေအရွယ် ကလေးများတွင် ပြင်းထန်အဆုတ်ရောင် လေပြွန်ဗိုင်းရပ်ပိုးကူးစက်မှုဖြစ်ပွားနေသဖြင့် KBTC International Preschool အပါအဝင် တချို့ မူကြိုပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများသည် ငါး ရက်မှ တစ်ပတ်အထိ ကျောင်းပိတ်ထားကြသည်။
“ တချို့ကျောင်းတွေဆို လေပြွန်ဗိုင်းရပ်ကြောင့် ကျောင်း ငါး ရက်ကနေ တစ်ပတ်အထိ ပိတ်လာတာရှိတယ်။ တချို့ကျောင်းတွေကြတော့ တရားဝင်မပိတ်ပေမဲ့လည်း ကလေးနေမကောင်းရင် အေးအေးဆေးဆေးနားဖို့ ကျောင်းမပို့ဖို့ မေတ္တာရပ်ခံတဲ့စာတွေပို့တာရှိတယ်”ဟု ရန်ကုန်မြို့ရှိ ကျောင်းသားမိခင်တစ်ဦးက ပြောသည်။
အဆိုပါရောဂါလက္ခဏာသည် အသက်ရှုမြန်ခြင်း၊ ချွဲပိတ်သံပေါက်နေသည့် ဆူညံသောအသက်ရှူခြင်း၊ အဖျား တက်ခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်းဖြစ်ပေါ်တတ်ပြီး ရောဂါအခံရှိသူကလေးများတွင် ပိုမိုခံစားရသဖြင့် အဆိုပါ လက္ခဏာများတွေ့ပါက ချက်ချင်းဆေးကုသမှု ခံယူနိုင်ရန်လိုအပ်မည် ဖြစ်သည်။
အဆိုပါဗိုင်းရပ်စ်ကူးစက်ခံရသောကလေးငယ်များသည် သာမာန်အားဖြင့် ခုနစ်ရက်မှ ၁၀ ရက်အထိ ဖျားနာကြပြီး နားမကျန်းမှုဖြစ်နေစဉ်အတွင်း အခြားသူများကိုကူးစက်တတ်ကြောင်း၊ ကူးစက်ခံရပါက သာမာန်အားဖြင့် ဆေးဝါး အသုံးမပြုဘဲ ကလေးများ အနားယူရန်နှင့် အရည်များများ သောက်ပေးရန် လိုအပ်ကြောင်း ဩစတြေးလျနိုင်ငံ၊ မဲဘုန်းမြို့ရှိ ကလေးဆေးရုံလက်ကမ်းစာဆောင်တွင်ဖော်ပြထားသည်။
လက်ရှိ ကလေးငယ်များဖြစ်ပွားနေသည့် အဆုတ်လေပြွန်ရောင်ဗိုင်းရပ်စ်ပိုးနှင့်ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက တစ်စုံတရာထုတ်ပြန်ကြေညာထားခြင်းမရှိပေ။
ဓာတ်ပုံ – လူမှုကွန်ရက်
#ကလေးငယ် #ပြင်းထန်အဆုတ်လေပြွန်ရောင်ရောဂါ #ဖြစ်ပွားမှုများ #သတိပြုရန်လိုအပ် #Ayeyarwaddy_Times