ဧရာဝတီတိုင်းမ်
ငွေဆောင် ၊ ဇူလိုင်လ ၉ ရက်
ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေနှင့် ညောင်မော်ကျေးရွာကြား ကားလမ်းမတိုးချဲ့ရန်ဟုဆိုကာ လမ်းမအနီးရှိနေအိမ် အလုံး ၅၀ ထက်မနည်းကိုပြီးခဲ့သည့် ဇူလိုင်လ ၆ရက်နေ့ကစပြီး မြို့နယ် ထွေအုပ်အဖွဲ့နှင့် ပုသိမ်ခရိုင် လမ်းတံတားဦးစီးဌာနက အတင်းအကျပ်လိုက်လံဖျက်သိမ်းသည့်အတွက် ဒေသခံ ၁၀၀ ကျော် အိုးအိမ်မဲ့အခြေအနေဖြစ်ပေါ်နေကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံကသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်း၌ ငွေဆောင်မြို့နယ်ရှိ ငွေဆောင်ကမ်းခြေနှင့် ညောင်မော်ကျေးရွာကြား ကားလမ်းမတိုးချဲ့ရန်အကြောင်းပြကာ လမ်းမအနီး ရှိနေအိမ် ၃၀ လုံးနှင့် ငွေဆောင်ကမ်းခြေဟိုတယ်အနီး ရှိ နေအိမ် ၂၀ လုံးစုစုပေါင်းနေအိမ် ၅၀ လုံးခန့်ကို မြို့နယ်ထွေအုပ်အဖွဲ့နှင့် ပုသိမ်ခရိုင် လမ်းတံတားဦးစီးဌာနမှ အင်အား ၃ဝန်းကျင်ဖြင့်ကြိုတင်အကြောင်းအကြားခြင်းမရှိပဲ နေအိမ်များကိုအတင်းအကျပ်ဖျက်သိမ်းခဲ့ကြောင်းဒေသခံတစ်ဦးကဧရာဝတိတိုင်းမ်ကိုပြောသည်။
” အိမ်မဖျက်ခင်တစ်ပတ်လောက်က ထွေအုပ်ရယ် စစ်တပ်ရယ် ရဲရယ် နောက်လမ်းတံတားက လူတွေလာကြည့်သွားတာတော့ရှိတယ်။ နောက်မကြာဘူးကြိုတင်မကြောင်းကြားပဲ လမ်းနဲ့မလွတ်တဲ့အိမ်တွေကို လိုက်ဖျက်တာ။ ဟိုတယ်နဲ့ကပ်တဲ့ လမ်းမဘက်ဆိုရင်ဟိုတယ်ဘက်ခြမ်းကိုမချဲ့ပဲနဲ့ လမ်းတစ်ဖက်က အိမ်တွေကိုပဲ လမ်းချဲ့မယ်ဆိုပြီး ရွေးဖျက်သွားတယ်။ အိမ်က အကုန်လုံး ၅၀ ဝန်းကျင်ရှိမယ်။နောက်ထပ် မလွတ်ရင်ထပ်ဖျက်ဖို့ ရှိသေးတယ်လို့ ပြောသံကြားပါတယ်။ ဘူဒိုဇာတွေလည်း ပါလာတယ်။ စစ်တပ်ကောရဲတွေပါ လုံခြုံရေးလာယူပြီးတော့ ဓာတ်ပုံရိုက်ရင် ပစ်သတ်မယ်ဆိုပြီးခြိမ်းခြောက်သွားသေးတယ်” ဟု ဒေသခ့တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းသို့နေအိမ်များ ဖျက်သိမ်းခံခဲ့ရမှုကြောင့် ဒေသခံ ၁၀၀ကျော်မှာ အိုးအိမ်မဲ့ဘဝသို့ရောက်ရှိခဲ့ရသည့်အပြင် နေအိမ်ဖျက်သိမ်းခံရသူများမှာ အနှစ် ၆၀ ဂရံ ရရှိထားသူများဖြစ်ပြီး လက်ရှိ၌ နေထိုင်ရန် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း နေအိမ်ဖျက်သိမ်းခံရသည့်ဒေသခံများထံကသိရသည်။
” အိမ်တွေကအကုန်လုံးဂရန်ရှိပါတယ်။ လမ်းစဖောက်က တည်းက တခါနောက်ဆုတ်ပေးပြီးသွားပြီ။ ဟိုတယ်အနားကအိမ်တွေဆိုနှစ် ၆၀ ဂရန် ရှိနေတာ။ အခုက တမင်သပ်သပ်လူတွေကို ဒုက္ခလိုက်ပေးနေတာ။ အခုဖျက်ခံရတဲ့နေရာတွေကို ပြန်ပြီးရောင်းစားကြတယ်။ ကိုယ့်မြေကိုယ့်အိမ်နဲ့ကို နေခွင့်မရှိတဲ့ အခြေအနေ ဖြစ်နေပြီ။ လက်ရှိနေအိမ်ငှားဖို့ဆိုတာ ကလည်းမလွယ်ကူတဲ့ အနေအထားရောက်နေတယ်” ဟု နေအိမ်ဖျက်သိမ်းခံရသည့်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ကလည်း ငွေဆောင်မြို့နယ်ထွေအုပ်၊ပုသိမ်ခရိုင် လမ်းတံတားဦးစီးဌာန အပါအဝင် စစ်တပ်နှင့်ရဲအဖွဲ့အင်အား ၁၀ဦးထက်မနည်းဖြင့် ကားလမ်းမတိုးချဲ့ရန်ဟုဆိုကာ ဆင်မကျေးရွာသို့ လာရောက်စစ်ဆေးခဲ့ပြီး လမ်းမအနီးနေအိမ်အချို့ကို တစ်ပတ်အတွင်း ဖျက်သိမ်းရန် သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
#ငွေဆောင် #ညောင်မော်ကျေးရွာ #ကားလမ်းမတိုးချဲ့ရန် #ဂရံရှိနေအိမ် #၅၀ထက်မနည်း #ဖျက်သိမ်းခံရ #ဒေသခံ၁၀၀ကျော်#အိုးအိမ်မဲ့ဖြစ် #Ayeyarwaddy_Times