ဧရာဝတီတိုင်းမ်
(ကြာအင်းဆိပ်ကြီး)၊ ဇူလိုင်လ ၉ ရက်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရွှေဒိုးကျေးရွာအုပ်စု၊ ကျောက်ခဲကုန်းကျေး ရွာရှိ စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံကို ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များမှ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F ထံက သိရသည်။
စစ်ကောင်စီ၏ စစ်တပ်ဝင်းနှင့် ဌာနဆိုင်ရာရုံးများသို့ အဓိကလျှပ်စစ်ဓာတ် အားပေး နေသည့် မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံကို ဝောာ်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် စီးနင်းခဲ့ပြီး A1ရှေ့ထွက်မိုင်းများ၊ ၆၀ မမဗုံးသီး၊ ၈၁မမဗုံးသီးများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ခန့်မှန်းငွေ မြန်မာငွေကျပ် သန်း၂,၀၀၀ (၂ဘီလီယံ)ခန့် ပျက်စီးဆုံးရှုံးနိုင်ကြောင်း သိရသည်။
“လျှပ်စစ်ဓာတ်အားခွဲရုံက ပြည်သူလူထု သုံးတာမဟုတ်ဘူး။ စစ်ကောင်စီက သူတို့ရဲ့ တပ်ရင်းတွေ၊ ရုံးတွေမှာ အသုံးပြုတဲ့ဟာ။ အဲ့ဒါကြောင့် ကျွန်တော်တို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီကို ဝင်ရောက်ပြီး မိုင်းနဲ့ဖောက်ခွဲတဲ့အချိန်မှာ နေ့စား အလုပ်သမားနှစ်ယောက်ရှိတဲ့အတွက် သူတို့ကိုလည်းဘေးလွတ်ရာကိုရှောင်ခိုင်း ပြီးမှ အဓိကပစ်မှတ်ဖြစ်တဲ့ ထရန်စဖော်မာတွေ၊ ထိန်းချုပ်ရေးဘောက်စ် (Control Box) တွေကို ပြင်းအားများတဲ့မိုင်းတွေနဲ့ ဖောက်ခွဲခဲ့တာပါ” ဟု S.O.Fတပ်ဖွဲ့တာဝန်ရှိသူ အောင်စံရှားက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုင်းခွဲတိုက်ခိုက်မှုကြောင့် လျှပ်စစ်ဓာတ်အားခွဲရုံမှ 66/33 KV(30)MVA Main Transformer(AG) နှစ်လုံး၊ 66/11 KV(30)MVA Main Transformer(AG) နှစ်လုံးနှင့် Control Box များ၊ လျှပ်စစ်ပစ္စည်းများနှင့် အဆောက်အဦများ မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအား KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နှင့် cloud wings ဒရုန်းတပ်ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့်ဇူလိုင်လဆန်းက စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၂၈၃) တပ်ရင်းဌာနချုပ်၊ ခုတ်ခွားစစ်စခန်း၊ အဘစ်စစ်ကောင်စီဂိတ်၊ အလယ်တံခွန် တိုင်ရဲစခန်းနှင့် စစ်ကောင်စီတပ်သားများရှိရာနေရာများကို S.O.Fနှင့် ပူးပေါင်း တပ်ဖွဲ့များက နေ့စဉ်ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့- S.O.F
#ကြာအင်းဆိပ်ကြီး #စစ်ကောင်စီတပ် #ဓာတ်အားခွဲရုံ #တိုက်ခိုက် #ဒရုန်း #SOF #KNLA #CloudWings #Ayeyarwaddy_Times