နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ရက်
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ် အောက်ဘက်သို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ် ရေယာဥ်ကို ယမန်နေ့ ဇူလိုင် ၇ရက်နေ့ညနေပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များကခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ ဝင်များထံက သိရသည်။
မုံရွာမြို့အုန်းပင်ဆိပ်ကမ်းမှနေ၍ ရိက္ခာပို့ရန် ချင်းတွင်းမြစ်ကြောင်းတစ်လျောက် အောက်ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်ရေယာဉ်ကို ယမန်နေ့ ညနေ ၄ နာရီခန့်မှ စတင်၍ တော်လှန်ရေးတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ပြီး ည ၈ နာရီတွင် ပွိုင့် နေရာအသီးသီးမှနေ၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့ ဓားမဆိုင်းတပ်ရင်းအပါအဝင် ပူးပေါင်းအဖွဲ့တွေ လမ်းကနေ ကြားဖြက်တိုက်တယ်။ တိုက်ခိုက်မှု နှစ် ကြိမ်တိုက်တယ်။ စစ်ကောင်စီဘက်က ခြောက် ယောက် သေပြီး အများအပြား ဒဏ်ရာရသွားတာ တွေ့တယ်” ဟု ဓားမဆိုင်းတပ်ရင်း (၂၈) ၏ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်ရေယာဉ်ကို ဓားမဆိုင်းတပ်ရင်း (DMSA) (၂၈) Shadow Rangers Salingyi (SRS) ၊ မုံရွာခရိုင်အထူး တပ်ရင်း (၄) (Monywa The boy)တပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် အင်အားဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်းရိက္ခာ ပို့ဆောင်ခြင်း များကို မုံရွာမြို့နယ်ရှိ ပြည်သူပိုင်သံခွံ စက်လှေများကို ချောစွဲ၍ ချင်းတွင်း မြစ်ကြောင်း တစ်လျောက် အသုံးပြုလျက်ရှိသည်။
ထို့ပြင် စစ်ကောင်စီလက်အောက်ခံ ရေကြောင်းအသုံးပြုနေသည့် ဖလပ်သင်္ဘော များဖြင့်လည်း ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ကျေးရွာများရှိ ပြည်သူပိုင်ပစ္စည်းများကိုပါခိုးယူကာ မုံရွာမြို့ပေါ်သို့ သယ်ယူလျက်ရှိကြောင်း ဒေသခံများ ထံက သိရသည်။
ဓာတ်ပုံ-ဓားမဆိုင်းတပ်ရင်း
#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့နယ် #ချင်းတွင်းမြစ် #စစ်ကောင်စီတပ်ရေယာဥ် #ခြုံခိုတိုက်ခိုက် #စစ်ကောင်စီတပ်သား၆ဦးသေ #Ayeyarwaddy_Times