ဧရာဝတီတိုင်းမ်
ညောင်လေးပင် ၊ ဇူလိုင်လ ၈ ရက်
KNU တပ်မဟာ ၃ နယ်မြေအတွင်းရှိ ညောင်လေးပင်ခရိုင်မှ စစ်ဘေးရှောင်ပြည်သူများသည် ငှက်ဖျားနှင့် ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း သိရှိရသည်။
မိုးရာသီသို့ရောက်ရှိလာပြီ ဖြစ်သော်လည်း စစ်ကောင်စီစစ်ကြောင်းများ ရှိနေဆဲဖြစ်သည့်အတွက် နေရပ်မပြန်နိုင်ကြဘဲ မိုးမိခြင်းနှင့် တောတောင်ထဲတွင် ခိုလှုံနေရခြင်းကြောင့် အအေးပတ်၍ ဖျားနာခြင်း၊ ငှက်ဖျားရောဂါခံစားရခြင်းများ ခံစားရကာ စစ်ရှောင်စခန်းများ၌ ဆေးဝါးမလုံလောက်ခြင်းကလည်း အဓိကပြဿနာဖြစ်နေသည်ဟု ဆေးတာဝန်ခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“စစ်ကောင်စီက ဆေးဝါးဆို လုံးဝကို သယ်ခွင့်မပေးတော့ဘူး။ အဲဒါကြောင့် အဆင်ပြေရာလမ်းကြောင်းရှာပြီး ရအောင်သယ်နေရတယ်။ မိုးတွင်းလည်းဖြစ်နေတော့ မိုးမိအအေးပတ်လို့ တုပ်ကွေးဖြစ်တာ၊ တောတောင်ထဲမို့ ငှက်ဖျားဖြစ်တာတွေလည်း များလာတဲ့အတွက် ဆေးဝါးလိုအပ်ချက်က ပိုများလာတယ်။ အလှူရှင်တွေကလည်း ဆေးဝါးဆို ငွေပဲလှူတယ်။ ဝယ်ပို့ပေးတာတွေ မလုပ်ရဲတော့ဘူး”ဟု ၎င်းဆေးတာဝန်ခံက ပြောသည်။
ညောင်လေးပင်ခရိုင်ရှိ စစ်ဘေးရှောင်များ၏ ကျန်းမာရေးအတွက် ကရင်အရပ်ဘက်အဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့များက ကူညီထောက်ပံ့ပေးနေသော်လည်း မိုးရာသီဖြစ်၍ လမ်းပန်းဆက်သွယ်ရေးဆိုးရွားခြင်း၊ နယ်မြေမတည်ငြိမ်ခြင်း၊ နေ့စဉ်ရက်ဆက် စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်နေခြင်းကြောင့် စစ်ဘေးရှောင်များအတွက် မရှိမဖြစ်အရေးပါသော ခိုလှုံရန်နေရာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက် မြင့်မားနေကြောင်း သိရသည်။
ကရင်အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီက အာဏာသိမ်းပြီးချိန်မှစ၍ ပြီးခဲ့သည့် မေလအထိ ညောင်လေးပင်ခရိုင်တွင် စစ်ဘေးရှောင်ဦးရေ ၁ သိန်းခွဲဝန်းကျင်ရှိကြောင်း သိရှိရသည်။
ပုံ – CJ
#KNUတပ်မဟာ၃နယ်မြေ #ညောင်လေးပင် #စစ်ရှောင်များတွင် #ငှက်ဖျား #တုပ်ကွေး #ဆေးဝါးလိုအပ်ချက်ရှိနေ
#Ayeyarwaddy_Times