ဧရာဝတီတိုင်းမ်
ဝေါ၊ ဇူလိုင်လ ၈ ရက်
ပဲခူးတိုင်း၊ ဝေါမြို့နယ်ဘက်ခြမ်း စစ်တောင်းမြစ်အနောက်ဘက်ကမ်းတလျှောက်ရှိ ကျေးရွာ ငါးရွာမှ တဲများကို စစ်ကောင်စီက ဖျက်ခိုင်းပြီး ကင်းပုန်းချထားခြင်းကြောင့် ဒေသခံများ အခက်တွေ့နေကြောင်း သိရှိရသည်။
ယခုကဲ့သို့ စစ်တောင်းမြစ်ကမ်းတလျှောက် ရှိ တဲများဖျက်ခိုင်းသည့်အပြင် ရေကြောင်းမှ မြစ်ကူးခွင့်လည်း မပေးသောကြောင့် တံငါလုပ်ငန်း၊ မြေနုကျွန်းစိုက်ပျိုးရေးလုပ်ငန်းများအတွက် အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
“ဖျက်လိုက်ရတဲ့ကွင်းတဲက တော်တော်များတယ်။ ငါး ရွာဆိုတော့ တဲ အလုံးရေ ၃၀နီးပါး ရှိလိမ့်မယ်။ အခုက ရွာအဝင်တိုင်းမှာ ကင်းပုန်းတွေချထားတယ်။ ညလည်းထွက်ခွင့်မရှိဘူး။ ထွက်လို့ ပစ်ခတ်ခံရရင် တာဝန်မယူဘူးလို့ ပြောထားတယ်။ လယ်လုပ်တဲ့အချိန် အခုလိုဖြစ်တော့ လူဦးရေ ရာချီပြီး ဒုက္ခရောက်တဲ့အပြင် ဟိုဘက်ကမ်းလည်း မြစ်ထဲကနေကူးမရတော့ တံငါတွေလည်း ခက်ခဲကုန်တာပေါ့’ ဒေသခ့တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် တဲများကို ဇူလိုင် ၄ ရက်မှ ၆ ရက်နေ့အထိ သုံးရက်အတွင်း အပြီးဖျက်ခိုင်းခြင်းဖြစ်ပြီး ကေအန်ယူ တပ်မဟာ ၁ နှင့် ၃ တို့မှ တော်လှန်ရေးအဖွဲ့များ ပဲခူးတိုင်းသို့ ကူးမလာစေရန် ဦးစားပေးအဆင့် သတ်မှတ်ကာ ခံစစ်ပြင်ဆင်မှုများ လုပ်ဆောင်ခြင်းဖြစ်ကောင်း သိရသည်။
စစ်ကောင်စီ၏ လုံခြုံရေးအကြောင်းပြ ဟန့်တာပိတ်ဆို့ထားသည့်ရွာများမှာ စစ်တောင်းမြစ်ကမ်းအနီးတလျှောက်ရှိ ဝေါမြို့နယ်အတွင်းမှ အလုပ်၊ ဝင်းကဒတ်၊ ပေါက်ပန်းဖြူ၊ ရှမ်းကိုင်း၊ ငှက်ပျောတောကျေးရွာတို့ ဖြစ်သည်။
#စစ်ကောင်စီ #လုံခြုံရေး #ဖိအားပေး #စစ်တောင်းမြစ်
#အနောက်ကမ်းရှိ #ဒေသခံများအခက်တွေ့နေ
#Ayeyarwaddy_Times