ဧရာဝတီတိုင်းမ်
(ချင်း)၊ ဇူလိုင်လ ၈ ရက်

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် စစ်ကောင်စီက ဒေသခံများကို လေကြောင်းဗုံးကြဲမှုအပါအဝင် နည်းလမ်းပေါင်းစုံဖြင့် သတ်ဖြတ်မှုများကြောင့် ၂၀၂၃ခုနှစ် ခြောက်လအတွင်းတွင် ချင်းတိုင်းရင်သားသေဆုံးမှု စံချိန်တင်မြင့်တက်လာကြောင်းချင်းရေးရာအဖွဲ့ချုပ်(ICA)ထံမှ သိရသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ခုနှစ် ဒီဇင်ဘာလအထိ နှစ်နှစ်တာ ကာလအတွင်းတွင် စစ်ကောင်စီ၏ မတရားသတ်ဖြတ်ခံရမှုကြောင့် ချင်းတိုင်းရင်းသားစုစုပေါင်း ၃၅၉ ဦးသေဆုံးခဲပြီး လက်ရှိ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ခြောက် လတာအတွင်း ချင်းတိုင်းရင်းသား ၁၀၉ ဦးအထိ သတ်ဖြတ်ခံထားရ ကြောင်း ချင်းရေးရာအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

“စစ်ကောင်စီက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အတင်းအဓမ္မ ဝင်ရောက်စီးနင်းပြီးတော့ မီးရှို့တာတွေ၊ ခိုးဖောက်တာတွေရှိတယ်ပေါ့နော်။ နောက်ပိုင်းမှာ အဲ့လိုတင် မကဘဲနဲ့ လေယာဉ်ဗုံးကြဲတဲ့အထိပါ လုပ်ဆောင်လာပေါ့။ ဗုံးကြဲတဲ့နေရာမှာလည်း လက်နက်ကိုင်တွေရှိတဲ့နေရာကို ကြဲတာမဟုတ်ဘဲ ပြည်သူတွေရှိတဲ့ ကျေးရွာတွေ၊ ရပ်ရွာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ကြဲလာတာတွေ တွေ့ရတယ်”ဟု ချင်းရေးရာအဖွဲ့ချုပ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးဆန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ သတ်ဖြတ်ခံရသော ချင်းတိုင်းရင်းသားများထဲတွင် အသက်မပြည့်သေးသော ကလေးငယ်များနှင့် အရပ်သားပြည်သူများ အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များလည်း ပါဝင်နေပြီး အရပ်သားပြည်သူ သတ်ဖြတ်ခံထားရမှု ပိုမိုများပြား နေကြောင်းသိရသည်။

လက်ရှိအချိန်ထိ ချင်းတိုင်းရင်းသားစုစုပေါင်း ၄၆၈ ဦးအထိ သတ်ဖြတ်ခံထားရပြီး ချင်းတိုင်းရင်းသား သေဆုံးမှုသည် ၂၃ ဒဿမ ၃ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်ကောင်စီက ချင်းပြည်နယ်ပေါ်မှာ လူသတ်မှုတွေ ကျူးလွန်တာ တော်တော်များနေပြီ။ ပြီးရင် မုဒိန်းမှု၊ နေအိမ်မီးရှို့တာတွေလည်း မနည်းတော့ဘူး။ ဒီဟာက ဒီအတိုင်းပဲ ကြည့်နေရမယ့် အနေအထားမဟုတ်တော့ဘူး။ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ တစ်ခုခုလုပ်သင့်ပြီ။ စစ်ကောင်စီရဲ့ ရာဇဝတ်ကျူးလွန်မှုတွေကို ကျွန်တော်တို့ အချက်အလက်တွေ ပြုစုပြီးတော့ နိုင်ငံတကာ အသိုင်းအဝန်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ပြည်သူတွေအတွက် အကျိုးရှိမယ့်ဟာ ဖြစ်ပေါ်လာနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေပါတယ်”ဟု ဆလိုင်းဗန်ဆွီးဆန် က ဆက်လက်ပြောဆိုသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီက အရပ်သားပြည်သူများကို မတရားသတ်ဖြတ်မှုသည် ချင်းရေးရာအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်ထက် ပိုမိုများပြားနိုင်ကြောင်း ဒေသခံများက သုံးသပ်နေကြပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးပဋိပက္ခကို နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အထူးဂရုစိုက်ကာ ထိရောက်သော စစ်ဆေးအရေးယူမှုများ ပြုလုပ်သင့်ပြီဖြစ်ကြောင်းချင်းရေးရာအဖွဲ့ချုပ်၊ လက်ထောက်ညွှန်ကြား ရေးမှူးက တိုက်တွန်းထားသည်။

ဓာတ်ပုံ–စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ချင်းတိုင်းရင်းသားများ။
#ချင်းပြည်နယ် #စစ်ကောင်စီ #ချင်းတိုင်းရင်းသားများ #လေကြောင်းတိုက်ခိုက်မှု #နည်းလမ်းပေါင်းစုံဖြင့်သတ်ဖြတ် #သေဆုံးမှုစံချိန်တင် #Ayeyarwaddy_Times