ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက နုတ်ထွက်ခွင့်မပြုကြောင်း ဒေသခံများထံက သတင်းရရှိသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးအချို့သည် စစ်ကောင်စီက အသစ်ပြန်လည် ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများဖြစ်ပြီး တာဝန်မှ ရပ်နား နုတ်ထွက်ခွင့်တောင်းသော်လည်း စစ်ကောင်စီက နုတ်ထွက်ခွင့် မပြုခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“အရင်လတွေကတည်းက နုတ်ထွက်ခွင့် စာအကြိမ်ကြိမ်တင်တယ်၊ ဒါပေမယ့် မြို့နယ်က ထွက်ခွင့်မပြုဘဲ စာတွေပယ်ချလိုက်တယ်။ လုံးဝ မထွက်ခိုင်းတော့ဘူး။ နေရာအနှံ့အုပ်ကြီးတွေအသတ်ခံနေရတော့ အခုဆို အုပ်ကြီးတွေဘယ်မှလည်း ခရီးမသွားရဲကြဘူး ” ဟု ကျုံပျော်မြို့ စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအချို့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ကစတင်ပြီး မြို့နယ်စစ်ကောင်စီထံ နုတ်ထွက်ခွင့် စာတင်ထားသော်လည်း နုတ်ထွက်ခွင့်စာများကို ပယ်ချရာကနေ လက်ရှိတွင် အုပ်ချုပ်ရေးမှူးများ၏ နုတ်ထွက်ခွင့်တောင်းဆိုမှုများကို လုံးဝခွင့်မပြုတော့ခြင်းဖြစ်သည်။
ထို့ပြင် ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဆိုင်ကယ်နှင့် ခရီးသွားနေစဥ် သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအချို့က နုတ်ထွက်ခွင့် အကြိမ်ကြိမ်တောင်းဆိုလာကြခြင်း ဖြစ်သည်ဟု ဧရာဝတီတိုင်းမ်က စုံစမ်းသိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အများအပြား အသတ်ခံနေရကြောင်း သိရသည်။
#ကျောင်းကုန်းမြို့ #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #နုတ်ထွက် #စစ်ကောင်စီက #နုတ်ထွက်ခွင့်မပြု
#Ayeyarwaddy_Times