ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်‌နေ့က ကျိုက်စကောထောင်မှ သာယာဝတီ ထောင်သို့ ပြောင်းရွှေ့ရာလမ်းတွင် စစ်ကောင်စီမှ ပစ်သတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ အကြမ်းဖက်မှု၊ လက်နက်ကိုင်ဆောင်မှုစသည့် ပုဒ်မများစွာဖြင့် စွပ်စွဲခံထားရသည့် ပဲခူးခရိုင် ဗကသဒုဥက္ကဌ ကိုခန့်လင်းနိုင်အပါအဝင် နိုင်ငံရေးအကျဉ်သားများဖြစ်သည့် ကိုအောင်သူရလှိုင်၊ ကိုဂျာကြီး၊ မင်းဘုန်းမဟာ၊ ကိုဇင်ဝေထွန်း၊ ကိုအောင်မျိူးသူ၊ ကိုပြည့်ဖြိုးအောင် တို့ကို စစ်ကောင်စီ ထောင်ပြောင်းရွှေ့ချိန်တွင်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီကနေပြီး အသတ်ခံရတဲ့ သူတွေရဲ့မိသားစုဝင်တွေဆီကို စာပို့တယ်။ စာထဲမှာ ပါတာက သူတို့ကို ကျိုက်စကောထောင်ကနေ သာယာဝတီထောင်ကိုပြောင်းတုန်း ကားမှောက်မလိုဖြစ်သွားတဲ့အချိန်မှာ ထွက်ပြေးမှာစိုးလို့ ခြောက်လှန့်ပစ်ခတ်တာကနေ သေသွားတယ်ဆိုပြီးရေးထားတယ်” ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ ထောင်ပြောင်းရွှေစဉ် ပုဒ်မ၅၀(ည)၊ ၅၁(ဂ) တို့ဖြင့်စစ်ကောင်စီ၏ မတရား ဖမ်းဆီးထောင်ချခြင်းခံထားရသည့် ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ABFSU) ပဲခူးခရိုင် ဗကသဒုဥက္ကဌ ကိုခန့်လင်းနိုင်မှာ စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံရ၍ ကျဆုံးသွားပြီဖြစ်ကြောင်း ABFSU က ထုတ်ပြန်ထားသည်။

ကျိုက်စကောအကျဉ်းထောင်မှ သာယာ၀တီထောင်သို့ ပြောင်းရွှေ့စဉ် စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ၏ သေဆုံးစာရင်းကို ဆက်လက် အတည်ပြုနိုင်ရန်အတွက် ဧရာ၀တီတိုင်းမ် သတင်းဌာနက ထပ်မံ စုံစမ်းလျက်ရှိသည်။

စစ်ကောင်စီသည် ယခုလပိုင်းအတွင်းအကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်နေပြီး ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က မြင်ခြံထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို ထောင်ပြောင်း ရွှေ့ခဲ့ပြီး မည်သည့်ထောင်သို့ ပြောင်းရွှေ့သည်ကိုမူ မသိရှိရဘဲ မိသားစုဝင်များနှင့် အဆက်သွယ် ပြတ်တောက်လျက်ရှိသည်။

ဓာတ်ပုံ – ABFSUမှတင်ထားသည့်ကိုခန့်လင်းနိုင်ပုံ။
#ကျိုက်စကော #နိုင်ငံရေးအကျဉ်းသား #သာယာ၀တီထောင် #ပြောင်းရွှေ့ #စစ်ကောင်စီ #သတ်ဖြတ် #Ayeyarwaddy_Times