နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဇူလိုင်လ ၈ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် ဇူလိုင်လ ၆ ရက်နေ့က ညပိုင်းက “အေအေ”ဘော်ဒါရှိ ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသားတစ်ဦးကို စစ်ကောင်စီတပ်သားများမှ ည ၁၀ နာရီခန့်တွင် ဝင်ရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
ဘော်ဒါဆောင်မှ ကျောင်းဆရာမနှင့် ကျောင်းသားတစ်ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်တွေက ဧည့်စာရင်းအကြောင်းပြဝင်စစ်ဆေးကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။
“ဇူလိုင်လ ပထမအပတ်ကစပြီး စာသင်ဘော်ဒါဆောင်တွေ လူနေအိမ်တွေကို လိုက်စစ်နေတာ။ စစ်ကောင်စီတပ်၊ ရဲနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ရာအိမ်မှုး ပျူစောထီး အဖွဲ့တွေက ဧည့်စာရင်း စစ်ဆေးနေတာ မနေ့ညက ဆရာမနဲ့ ကျောင်းသား ကို ဖမ်းဆီးသွားတယ်”ဟု မအူပင်မြိုခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ဆရာမနှင့် ကျောင်းသားတစ်ဦးကို စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်ရင်းဖမ်းဆီး ခေါ်ဆောင်သွားတာ မှန်ပေမယ့် ဘာကြောင့်ဖမ်းတယ်ဆိုသည့် အကြောင်းအား မသိရသေးကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
မအူပင်မြို့နယ်တွင် စာသင်ဘော်ဒါဆောင် အဆောင် ၂၀ ကျော်ရှိပြီး အများစုမှာ စစ်ကောင်စီတပ်နှင့် ဆွေမျိုးတော်စပ်သူများမှာ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
#မအူပင်မြို့ #အေအေဘော်ဒါဆောင် #ဆရာမနှင့်ကျောင်းသား #စစ်ကောင်စီတပ်ဝင်ဖမ်း #Ayeyarwaddy_Times