ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်

စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့က ပဇီကြီးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ကလေးငယ်နှင့်အမျိုးသမီးများအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံး ခဲ့ခြင်းအပေါ် ဝမ်းနည်းကြောင်း ဖော်ပြမိ၍ ဖမ်းဆီးခံခဲ့ရသည့် သတင်းစာဆရာ ဦးကျော်မင်းဆွေနှင့် အနုပညာရှင်အချို့ ယမန်နေ့ ဇူလိုင် ၇ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

သတင်းစာဆရာ ဦးကျော်မင်းဆွေအပါအဝင် သရုပ်ဆောင် မေပန်းချီ၊ မြတ်သူသူ၊ တေးသံရှင် ရွှေရည်သိန်းတန် နှင့် မေလသံစဉ်တို့သည် မတရားဖမ်းဆီးခံရပြီးနောက် ပြန်လည် လွတ်မြောက် လာခြင်းဖြစ်သည်။

စစ်ကောင်စီသည် The Voice Weekly အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ သတင်းစာအဆရာ ဦးကျော်မင်းဆွေကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် ပုဒ်မတပ်စွပ်စွဲခဲ့ကာ အင်းစိန်အကျဉ်းထောင်အတွင်း တရား ရင်ဆိုင်နေရချိန်တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။

ဦးကျော်မင်းဆွေနှင့်အတူ ပုဒ်မ ၅၀၅ (က) ဖြင့် စွပ်စွဲခံထားရသည့် သရုပ်ဆောင် မြတ်သူသူ၊ တေးသံရှင် ရွှေရည်သိန်းတန် နှင့် မေလသံစဉ်တို့လည်း ဖမ်းဆီးခံထားရပြီး လေးလအကြာတွင် အမှုမှ ပြန်လည် လွတ်မြောက် ခဲ့ကြောင်း သိရသည်။

ပြန်လည်လွှတ်မြောက်လာသူများအနက် သရုပ်ဆောင် မေပန်းချီသည် ပုဒ်မ ၅၀၅ (က) ဖြင့် ဇွန်လ ၇ ရက်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသူဖြစ်ပြီး လွတ်ငြိမ်းဖြင့် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်းသိရသည်။

သတင်းစာဆရာ ဦးကျော်မင်းဆွေသည် ၎င်း၏ဇာတိ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို လေကြောင်းမှတိုက်ခိုက်ခြင်းကြောင့် အစုလိုက်အပြုံလိုက်သေဆုံးခဲ့သည်ကို ဝမ်းနည်းသည့်အနေဖြင့် Facebook Profile အမည်း ချိန်းခြင်းကြောင့် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၇ ရက်နေ့အထိ မတရားဖမ်းဆီးခံရသူ ၂၃၇၅၉ ဦးရှိပြီး ထိန်းသိမ်းခံနေရဆဲဖြစ်သူ ၁၉,၃၈၉ ဦးရှိကာ ထောင်ဒဏ်ချမှတ်ခံထားရသူ ၆၆၇၂ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်စာမျက်နှာ
#စစ်ကောင်စီ #မတရားဖမ်းဆီး #သတင်းစာဆရာဦးကျော်မင်းဆွေ #အနုပညာရှင်အချို့ #ပြန်လည်လွတ်မြောက်
#Ayeyarwaddy_Times