ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်
အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံရှိ အရေးပါတဲ့ သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံမှု အ ကြိမ်ရေ ၁၁၀ ပြုလုပ်ခဲ့ပြီး ယခုအခါ တာရှည်ခံတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကမကထပြုလုပ်ဖို့ လုပ်ဆောင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံအဖွဲ့ဥက္ကဌအဖြစ် ခုနှစ်လနီးပါး တာဝန်ထမ်းဆောင်နေပြီး အာဏာသိမ်း စစ်ကောင်စီ အပါအဝင် မြန်မာနိုင်ငံက သက်ဆိုင်သူတွေနဲ့ ဖုန်းဖြင့်ဖြစ်စေ အွန်လိုင်းမှဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ ထိတွေ့ဆက်ဆံနေတယ်လို့ သူက ဆိုပါတယ်။
အခုလို ထိတွေ့ဆက်ဆံတာဟာ မြန်မာနိုင်ငံရဲ့ နှစ်ချီကြာမြင့်နေပြီဖြစ်တဲ့ အကျပ်အတည်းကို ဖြေလျှော့ စေမယ့် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရေး အဖွဲ့အစည်းအားလုံးကို တွန်းအားပေးဖို့ ရည်ရွယ်တယ်လို့ ရတ်နိုမာဆူဒီက ပြောပါတယ်။
“ကျွန်မ NUG နိုင်ငံခြားရေးဝန်ကြီးသာမက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း လူကိုယ်တိုင် တွေ့ ဆုံခဲ့ပါတယ်။ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုရဲ့ အရေးပါမှုကို ကျွန်မ သူတို့ကို ပြောပြခဲ့ပါတယ်” လို့ ရတ်နိုမာ ဆူဒီက ဇူလိုင်လ ၇ ရက် ဂျကာတာမြို့တော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အာဆီယံအဖွဲ့က ၂၀၂၁ ခုနှစ်အတွင်း ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာ့အိမ်နီးချင်းတိုင်း ပြည်တွေက ထောက်ခံရေး သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ရုံးကလည်း တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း တွေ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေအပြင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
“ထိတွေ့ဆက်ဆံတာတွေဟာ အဆောက်အအုံတည်ဆောက်ဖို့ ပထမအဆင့်ဖြစ်ပါတယ်။ အားလုံးပါဝင် တဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရေး ဒုတိယအဆင့်ကို ကျွန်မတို့ စတင်ဆောင်ရွက်ပါပြီ” လို့ ရတ်နိုမာဆူဒီက ဆိုပါ တယ်။
“သက်ဆိုင်ရာအဖွဲ့အစည်းတွေက အကျိုးမရှိတဲ့အဖြေရှာမှုကို ချမှတ်မယ်ဆိုရင် တာရှည်ခံတဲ့ ငြိမ်းချမ်း ရေးကို ကျွန်မတို့ မြင်တွေ့ရမှာမဟုတ်ပါဘူး။ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကသာလျင် ငြိမ်းချမ်းရေးရရှိဖို့ ရှေ့ဆက်ရမယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာစစ်ကောင်စီနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ အာဆီယံအဖွဲ့ဝင် ထိုင်းနိုင်ငံက ကမကထပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲနဲ့ပတ်သက်လို့ “ဒီအလွတ်သဘော ဆွေးနွေးပွဲကို အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေထဲမှာ လာအို နိုင်ငံခြားရေးဝန်ကြီးသာ တက်ရောက်ခဲ့ပါတယ်။ ဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန် မာ့အရေးဖြေရှင်းဖို့ အဓိကလမ်းကြောင်း ဖြစ်နေဆဲဖြစ်ပါတယ်” လို့ ရတ်နိုမာဆူဒီက မှတ်ချက်ပြုပါတယ်။
အာဆီယံ အကူအညီပေးရေးစင်တာ (AHA Center) က ဆိုင်ကလုန်းမိုခါဘေးသင့်ပြည်သူတွေကို ဒေါ်လာ ၁ ဒသမ ၆ သန်းတန်ကြေးရှိ အကူအညီတွေ ထောက်ပံ့ပေးခဲ့ပြီး လာမည့်အကူအညီများကို စစ်ကိုင်းနဲ့မကွေးတိုင်း ဒေသကြီးရှိ မုန်တိုင်းသင့်ပြည်သူများကို ဉီးစားပေးသွားမယ်လို့ သူက ပြောပါတယ်။
ကိုးကား – Jakarta Globe
Ref; Engagements on Myanmar is Just the First Building Block: Indonesia