ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်
ဧရာဝတီတိုင်းရှိမြို့နယ်များတွင် စက်သုံးဆီဈေး မြင့်တက်လာပြီး ဆီလိုအပ်သလောက် မရရှိမှုကြောင့် ဒေသခံစက်လှေမောင်းသူများနှင့် ဆိုင်ကယ် ကယ်ရီဆွဲသူများအတွက် အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။
မအူပင်၊ ဘိုကလေးနှင့် ဖျာပုံမြို့နယ်တို့၌ စက်သုံးဒီဇယ်နှင့် ဓာတ်ဆီဈေးနှုန်းမြင့်တက်မှုနှင့်လိုအပ်သလောက်မရရှိမှုကြောင့်ဒေသခံ စက်လှေနှင့်ဆိုင်ကယ် ပြေးဆွဲသူများအခက်အခဲများဖြင့်ရင်ဆိုင်နေရကာ ရပ်နားမှုများရှိလာကြောင်းဒေသခံများထံကသိရသည်။
” စက်သုံးဆီဓာတ်ဆီတွေနဲ့ဒီဇယ်ဆီစျေးတွေကမငြိမ်ဘူးဖြစ်နေတယ်။ဆီစျေးတွေက အခုလအစပိုင်းထဲကစျေးမငြိမ်တော့ဘူး။ ၉၂ ဆိုရင် ၁၉၈၀ ကျပ်စျေးရှိနေတယ်။အရင်လက ၁၈၅၀ ဝန်းကျင်ပဲရှိနေတာ တစ်ရာကျော် လောက်စျေးပြန်တက်သွားတယ်။ ဒီဇယ်တွေလည်း တစ်လီတာ၂၁၀၀ ဝန်းကျင်မှာကိုလုံးဝရပ်နေတယ်။ပြန်ကျဖို့တော့မတွေ့ရသေးဘူး။ စက်သုံးဆီ တွေသွားထုတ်ရင်လည်းအရင်လောက်ထုတ်မရတော့ဆိုင်မှာရှိသလောက်ခွဲတမ်းပုံစံနဲ့ပဲရောင်းနေရတယ်” ဟု မအူပင်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်ရှင်တစ်ဦးကဧရာဝတီတိုင်းမ်သို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ပထမအပတ်ကစပြီး စက်သုံးဒီဇယ်ဆီအမျိုးအစားပရီမီယံ တစ်လီတာလျှင် ၂၁၀၀ ကျော်ဝန်းကျင်ဖြစ်ပေါ်နေကာ ဓာတ်ဆီ ၉၂ အမျိုးအစား တစ်လီတာလျှင် ၁၉၇၅ ကျပ်နှင့် ၉၅ အမျိုးအစား တစ်လီတာလျှင် ၂၀၈၅ ကျပ်ဝန်းကျင်ရှိနေကာ ဇွန်လအတွင်းရှိစက်သုံးဈေးနှုန်းများထက် ကျပ် ၂၀၀ဝန်းကျင်မြင့်တက်လာခဲ့ကြောင်း ၄င်းကဆိုသည်။
ယင်းစက်သုံးဆီစျေးနှုန်းမြင့်တက်မှု၊စျေးမငြိမ်သက်မှုနှင့်လိုအပ်သလောက်မရရှိမှုကြောင့် မအူပင်မြို့ရှိဆိုင်ကယ်ကယ်ရီ ပြေးဆွဲဦးရေ ၉၀၀ ကျော်မှာ ရပ်နားထားရပြီး အလုပ် လက်မဲ့ဖြစ်ပေါ်နေရကြောင်းမြို့ခံဆိုင်ကယ် ကယ်ရီပြေးဆွဲသူများထံမှ သိရသည်။
“ဆီစျေးနဲ့မကိုက်တော့ ဆိုင်ကယ်ကယ်ရီဆွဲတာရပ်ထားလိုက်ရတယ်။ ဆီစျေးကတစ်လီတာကို ၂၀၀၀ ကျော်နေပြီ ။ ခရီးအနီးအဝေးကိုလိုက်ပြီးတောင်းရတာဆိုတော့ခရီးသည်မရတော့ဘူး။တနေ့ကို ၅၀၀၀ ရဖို့တောင်မနည်းကြိုးစားနေရတော့ ဆိုင်ကယ်ကယ်ရီရပ်လိုက်ရတာလည်းပါ တယ်။ မအူပင်မှာဆိုင်ကယ်ကယ်ရီဆွဲတဲ့သူ အရင်က မနည်းဘူး။ အခုဆီစျေးနဲ့မကိုက်တော့ရပ်လိုက်ရတာတစ်ထောင်နီးပါးလောက်ရှိနေပြီ။ အလုပ်ကလည်းဒါပဲရှိတော့စားဝတ်နေရေးအတွက်တော့မလွယ်တော့ဘူး”ဟု မအူပင်မြို့ခံဆိုင်ကယ်ကယ်ရီပြေးဆွဲသူတစ်ဦးကဆိုသည်။
ထို့အပြင် ဒီဇယ်စျေးနှုန်းမြင့်တက်မှုကြောင့် မအူပင်-ကျိုက်လတ်-ဘိုကလေး အသွား အပြန်စက်လှေပြေးဆွဲသူ အရေအတွက်ဦးရေ ၂၀၀ ထက်မနည်း မှာလည်းရပ်နားထားရကာစားဝတ်နေရေးအခက်အခဲများဖြင့်ရင်ဆိုင်နေရကြောင်းဘိုကလေးမြို့ခံ စက်လှေပြေးဆွဲသူများကပြောဆိုသည်။
” စက်လှေဆွဲတာကတော့အရင် နှစ်လ လောက်အထိတောင်ခံပြီးဆွဲတာပဲ။ဒါပေမဲ့ ဒီဇယ်ဆီ ဖိုးကမနည်းကိုတက်နေတော့ ရတဲ့ခေါက်ကြေးနဲ့ဆီဖိုး မကာမိတော့ဘူး။နောက်ပြီးဆီကလိုသလောက်သွားဝယ်လို့မရဘူး။ တခါဝယ်မှ တစ်ဂါလံပဲရတယ်။ အဲတာကလည်းဝယ်တိုင်းမရတာကများတယ်။အဲတာနဲ့စက်လှေဆွဲတာရပ်လိုက်ရတယ်။အော်ဒါအမှာရှိမှပဲဆွဲဖြစ်တော့တာ။ ကျွန်တော်နဲ့အတူတူရပ်လိုက်တာ မနည်းဘူးပဲ။ နှစ်ရာဝန်းကျင်လောက်တော့ရှိတော့မယ်။ ဒါစက်လှေဆွဲတာရပ်လိုက်ရတော့ ဘယ်လွယ်တော့မလဲ။ မငတ်အောင်ပဲမနည်းရုန်းကန်နေရတယ်”ဟု မအူပင်-ကျိုက်လတ်-ဘိုကလေး အသွားအပြန် စက်လှေပြေးဆွဲသူ ဘိုကလေးမြို့ခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
အလားတူဖျာပုံမြို့နယ်အတွင်း၌လည်း စက်လှေပြေးဆွဲသူဦးရေ တစ်ရာကျော်ထက်မနည်းမှာ စက်သုံးဆီမြင့်တက်မှုအနေအထားကြောင့်ပြေးဆွဲမှုရပ်နားထားရကြောင်းမြို့ခံများထံကသိရသည်။
ဧရာဝတီတိုင်း၌ စက်သုံးဆီစျေး မြင့်တက်မှုနှင့် လိုအပ်သလိုဝယ်ယူခွင့်မရရှိမှုကြောင့်ဆိုင်ကယ် ကယ်ရီပြေးဆွဲမှုနှင့်စက်လှေပြေးဆွဲမှုအပြင်ရေလုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်း၊အသေးစားအလတ်စားစက်မှုလုပ်ငန်းနှင့်မော်တော်ယာဥ်လုပ်ငန်းစသည်တို့မှာလည်းယခုရက်ပိုင်းအတွင်း လုပ်ငန်းရပ်နားမှုများရှိနေသည်။
ပုံစာ- မအူပင်မြို့တွင်းရှိဆိုင်ကယ်ကယ်ရီပြေးဆွဲသူများကိုတွေ့ရစဥ်။
#ဧရာဝတီတိုင်း #စက်သုံးဆီ #ဈေးတက်ပြီးဝယ်မရဖြစ်နေ #လုပ်ငန်းလုပ်ကိုင်သူများရပ်နား #Ayeyarwaddy_Times