နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်

နမ့်ခမ်းမြိုနယ်အတွင်း မူးယစ်သုံးစွဲသည့် နေရာများအား TNLA ဗဟိုအုပ်ချုပ်ရေးဌာန အထူးတပ်ဖွဲ့မှ ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ် သူ ၈၀ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA သည် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်မှ ၃၀ ရက်အထိ ရှောင်တခင်ဝင်ရောက် စစ်ဆေးရာမှ မူးယစ်ဆေးဝါး သုံးစွဲသူ ၇၃ ဦးနှင့် ရောင်းဝယ်သူ ၇ ဦး စုစုပေါင်း ၈၀ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သုံးစွဲသူတွေကို ပြန်လည်ထူထောင်ရေးစခန်း ပို့မယ်။ ရောင်းဝယ်သူတွေကတော့ ကျွန်တော်တို့ PSLF က ပြဌာန်းထားတဲ့ ဥပဒေရှိပါတယ်။ အဲဒီဥပဒေအတိုင်း အရေးယူသွားမှာ ဖြစ်ပါတယ်။ တရားရုံးတင်ပြီး သူတို့ တရားရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်” ဟု PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားပန်လက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်သူ ၈၀ ဦးထဲတွင် တအာင်းလူမျိုး ၂၉ ဦး၊ ရှမ်းလူမျိုး ၂၀ ဦး၊ ကချင်လူမျိုး ၇ ဦး၊ တရုတ်လူမျိုး ၁၃ ဦးနှင့် မြန်မာလူမျိုး ၄ ဦးအပါအဝင် ရောင်းဝယ်သူ ၇ ဦးတို့ အား ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ ရောင်းဝယ်သုံးစွဲသည့်နေရာရှိ တဲနှင့်အသုံးအဆောင် ပစ္စည်းများကိုလည်း မီးရှိဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၇ ဦးတို့ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကိုမူ အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းသို့ ပို့ဆောင်ပြီး အကျင့်စာရိတ္တကောင်းမွန်အောင် ပြုပြင်ပေးသွားမည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က ကျရောက်သည့် နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် PSLF/TNLA မှ ငါး နှစ်ကျော်ကာလအတွင်း ဖမ်းဆီးရမိထားသည့် ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း ၉၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူ ၁၅ ဦးတို့ကိုလည်း အကျင့်စာရိတ္တ ပြုပြင်ပေးခဲ့ပြီးနောက် ဇွန်လ ၂၉ ရက်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း PSLF/TNLA က ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ-PSLF/TNLA
#မူးယစ်ဆေးဝါး #သုံးစွဲရောင်းဝယ်သူ #၈၀ဦး #TNLA ဖမ်းဆီးပြီး #ဥပဒေအတိုင်း #အရေးယူသွားမည်
#Ayeyarwaddy_Times