ဧရာဝတီတိုင်းမ်
အိမ်မဲ ၊ ဇူလိုင်လ ၈ ရက်
ဧရာဝတီတိုင်း အိမ်မဲမြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် စသိန်းဇော်မင်းနှင့် လူငယ်အမျိုးသား နှစ်ဦးကို ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မများတပ်ကာ အလုပ်ကြမ်း နှင့်ထောင်ဒဏ် (၁၀)နှစ်စီ အပြီးသတ် အမိန့် ချတ်မှတ်ခဲ့ကြောင်းမိသားစုနှင့်နီးစပ်သူများထံကသိရသည်။
အိမ်မဲမြို့နယ် ရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် စသိန်းဇော်မင်းကို ပြီးခဲ့သည့် ဇန်နဝါရီလ၂၀ ရက်နေ့က နေအိမ်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(က)၊ ၅၂(က) တို့ဖြင့် မြောင်းမြထောင်တွင်း တရားရုံးကအလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီးချမှတ်ခဲ့ကြောင်း အိမ်မဲမြို့နယ်စာပေယဥ်ကျေးမှု ကော်မတီဝင် တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောသည်။
” စသိန်းဇော်မင်းကိုအကြမ်းဖက်အမှုနှစ်ခုနဲ့တရားစွဲခံရပြီးတော့အမိန့်ချမှတ်ခံလိုက်ရပါတယ်။ မြောင်းမြထောင်မှာပဲ ထောင်ဒဏ်၁၀ နှစ်ချမှတ်ခံရ တယ်ပေါ့နော် ။ မတရားအမှုစွပ်စွဲပြီးတော့ အမိန့်ချမှတ်ခံလိုက်ရတာပါ” ဟု ၄င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စသိန်းဇော်မင်းနှင့်အတူ လူငယ်အမျိုးသား စောနေမူး နှင့် မျိုးကျော်တို့ နှစ်ဦးကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ နှစ်ခုဖြင့် အထောင်ဒဏ် ၁၀ နှစ်စီ(အလုပ်ကြမ်းမပါ) ပူးတွဲ ချမှတ်ခဲ့ကာ ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ရှိကြောင်း တရားရုံးက အမိန့်ချခဲ့သည်။
“အကို့နဲ့အတူ လူငယ်နှစ်ယောက်ကို အတူတူအမိန့်ချခံလိုက်ရတယ်။ အချုပ်ရက်ခံစားခွင့် ပေးတယ်လို့ သိရပါတယ်။ သူတို့ကိုတော်လှန်ရေးအဖွဲ့ (PDF)တွေနဲ့ အချိတ်အဆက်ရှိတယ်ဆိုပြီး မတရား အမိန့်ချလိုက်တာ ပါ ။ တကယ်တမ်းဆိုရင် အကိုကလူငယ်ဖွံ့ဖြိုးရေး ကွန်ပျူတာသင်တန်းတွေ ဖွင့်ပေးနေတဲ့သူပါ။ တမင်တကာအမှုဆင်ပြီးဖမ်းဆီးခံခဲ့ရတာ” ဟု စသိန်းဇော်မင်း၏မိသားစုဝင်တစ်ဦးကဆိုသည်။
စသိန်းဇော်မင်းနှင့်အတူလူငယ်နှစ်ဦးကို ဖမ်းဆီးကာ စစ်ကြောရေးလုပ်စဥ်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက်စစ်ဆေးမှုပြုလုပ်ခြင်းရှိခဲ့ကြောင်းသိရသည်။
စသိန်းဇော်မင်းကို ဇန်နဝါရီလ ၁၃ ရက်နေ့က အိမ်မဲ ကရင်စာပေယဉ်ကျေးမှု ရုံး၌ စာပေယဥ်ကျေးမှု အရေးကိစ္စများအတွက် အစည်းအဝေး ပြုလုပ်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဟုတ်မဟုတ် စစ်ဆေးရန်ဟု ဆိုကာ ပထမဦးဆုံးအကြိမ် ဖမ်းဆီးခဲ့ပြီး အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် ထပ်မံဖမ်းဆီးကာ ယခုကဲ့သို့ ထောင်ချခဲ့ခြင်းဖြစ်သည်။
စသိန်းဇော်မင်းသည် ၂၀၂၀ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ကျရောက်သည့် နှစ် ၇၀ မြောက် ကရင် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ဦးဆောင်ပြုလုပ်မှုကြောင့်ဆိုကာ ကရင်လူငယ် စောစာကွာလာနှင့်အတူကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသေးသည်။
ဓာတ်ပုံ-အိမ်မဲမြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ
#အိမ်မဲ #ကရင်စာပေယဥ်ကျေးမှုကော်မတီအဖွဲ့ဝင် #စသိန်းဇော်မင်း #လူငယ်၂ဦး #အကြမ်းဖက်ပုဒ်မ #ထောင်ဒဏ်၁၀နှစ်ချမှတ် #Ayeyarwaddy_Time