ဧရာဝတီတိုင်းမ်
(ထန်းတပင်)၊ ဇူလိုင်လ ၇ ရက်
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာ ရွာလယ်ပိုင်းသို့ ဝင်ရောက် လာသည့် စစ်ကောင်စီတပ်နှင့် KNLA၊ ရိုးမစစ်ကြောင်း(၂)၊ (၃) ပူးပေါင်းတပ်ဖွဲ့တို့သည် ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့၊ နံနက် ၄ နာရီဝန်းကျင်မှစတင်၍ တစ်နေကုန်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
လှည်းလမ်းကူးကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်း လက်အောက်ခံတပ်မှ အင်အား ၅၀ ပါ တပ်ဖွဲ့ဝင်များနှင့် ပထမ အကြိမ်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေကုပ်ယူထားသည့် လှည်းလမ်း ကူးဆေးရုံနှင့်ပတ်ဝန်းကျင်ကို ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ပြီး မြေပြင်မှ အနီးကပ်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီဘက်က ပိတ်မိနေတာတွေရှိတော့ လေကြောင်းနဲ့တိုက်ခိုက်တာ များတယ်။ သေဆုံးတာများပေမဲ့ အတည်မပြုနိုင်သေးဘူး။ ဒီနေ့ဖြစ်တဲ့ လှည်းလမ်းကူး သရက် တန်းမှာ စစ်ကောင်စီဘက်ကသေတာတွေကို တိုင်းဗဟို(၆) က ကားနဲ့ အလောင်း တွေ ထပ်ပြီးသယ်သွားရတယ်လို့ သိရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
စစ်ကောင်စီသည် ယင်းနေ့ (ဇူလိုင် ၆ ရက်နေ့) နံနက်ပိုင်းတွင် Mi-35 ရဟတ်ယာဉ်ဖြင့် ၁၂ ကြိမ်ခန့်လာရောက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့၏ သေဆုံးဒဏ်ရာရ တပ်သားများ ကိုဆွဲထုတ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ပြီး ရဟတ်ယာဉ်ဖြင့် ခုနစ် ကြိမ်လာရောက်ပစ်ခတ်ခဲ့ကာ ပိတ်မိနေသည့် တပ်ဖွဲ့ဝင်များကို ကယ်ထုတ်ရန်ကြိုးစားခဲ့ကြောင်း သိရသည်။
ညနေပိုင်းအချိန်ထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများကို လိုက်လံ တိုက်ခိုက်ခဲ့ရာ တပ်သား ၃၀ ဝန်းကျင်မှာ သေဆုံးသည့် တပ်ဖွဲ့ဝင် အလောင်း များကိုပါသယ်ဆောင်၍ လယ်ကွင်းများထဲမှ ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း ကွန်မန်ဒိုတပ်ခွဲမှူးနန်းဝေဦး(၃၇နှစ်)သေနတ်ထိမှန်ဒဏ်ရာဖြင့် ကျဆုံးခဲ့ရပြီး ကွန်မန်ဒိုရဲဘော်တစ်ဦး(မစိုးရိမ်ရ)၊ KNLAဒုစုမှူးတစ်ဦး(မစိုးရိမ်ရ)၊ ရဲဘော်တစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာအသီးသီးရရှိခဲ့သည်ဟု အထူးကွန်မန်ဒိုတပ်ရင်း-တောင်ပိုင်းတိုင်းက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – အထူးကွန်မန်ဒိုတပ်ရင်း-တောင်ပိုင်းတိုင်း
ပဲခူတိုင်း #ထန်းတပင် #ရိုးမစစ်ကြောင်း #KNLA #တိုက်ပွဲ #စစ်ကောင်စီတပ် # လေကြောင်းတိုက်ခိုက်မှု #၁၉ကြိမ်ပြုလုပ် #Ayeyarwaddy_Times