ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၇ ရက်
စစ်ကောင်စီတပ်မှ စစ်ထောက်ချုပ်လိုက်ပါလာသည့် စစ်ကောင်စီယာဉ်တန်းကို ယနေ့ဇူလိုင်လ ၇ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင်တွင် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ အထူးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ဘက်မှ ထွက်ခွာလာသည့်စစ်ထောက်ချုပ်လိုက်ပါလာသည့် ယာဉ်တန်းမှာ ၁၀ စီးဝန်းကျင်ရှိပြီး အမြန်လမ်း ၁၆၉မိုင်၊ ၄ ဖာလုံအရောက်တွင် ရှေ့ထွက်မိုင်း ၄ လုံးဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ယာဉ် ၂ စီး ပျက်စီးသွားခဲ့ကြောင်းသိရသည်။
“နေပြည်တော်က စစ်ထောက်ချုပ် လိုက်ပါလာမယ်လာတဲ့ ယာဉ်တန်း သတင်းရလို့ ဒီနေ့မနက်အမြန်လမ်းမှာ တောင်ငူခရိုင်PDF တပ်ရင်း ၃၅၀၁ အထူးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ ပစ်ခက်တိုက်ခိုက်ခဲ့ပါတယ်။ယာဉ်နှစ်စီး လုံးဝ ပျက်ဆီးသွားပြီး ထိခိုက်မှုရှိပါတယ်။ ဘယ်သူတွေထိခိုက်တယ် ဘယ်လောက်ထိခိုက်တယ်လို့တော့ အတည်ပြုလို့ မရသေးပါဘူး။” ဟု ဝောာင်ပိုင်းတိုင်းစစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ပွားရာနေရာအား လုံခြုံရေးတင်းကြပ်ထားကြောင်းသိရပြီး စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရမှုနှင့် စစ်ထောက်ချုပ်ထိခိုက်မှုရှိ၊ မရှိကိုလည်း ဆက်လက်အတည်ပြု စုံစမ်းနေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီ၏ စစ်ထောက်ချုပ်ရာထူးကို ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရုံးမှစစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကတာဝန်ယူထားကြောင်းလည်း သိရသည်။
#စစ်ထောက်ချုပ် #PDF #မိုင်းဆွဲတိုက်ခိုက်ခံရ #အမြန်လမ်း #Ayeyarwaddy_Times