နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်

အာဏာသိမ်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ(NMSP)တို့အကြား ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပမည့် ကိစ္စကို ဆွေးနွေးခဲ့ပြီး ယခင်ဆွေးနွေးခဲ့သည့် ဖယ်ဒရယ်ဆိုင်ရာ အကြောင်းအရာအချို့ကို တွေ့ဆုံဆွေးနွေး၍ သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ(NMSP) သည် နေပြည်တော်သို့ သွားရောက်၍ စစ်ကောင်စီ၏ NSPNC နှင့် ဒေသတည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များကို ဇွန်လ ၅ ရက်မှ ၆ ရက်အထိ နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပမည့် ရည်ရွယ်ချက်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ယခင်ဆွေးနွေးပွဲများမှ ရရှိသည့် သဘောတူညီချက်များကိုလည်း ဆက်လက် အကောင် အထည်ဖော်နိုင်ရန် ပြန်လည်စုစည်း၍ သဘောတူညီချက်များအဖြစ် လက်မှတ်ရေး ထိုးကြသည်ဟု သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ(NMSP) ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေးအား မေးမြန်းရန် ဧရာဝတီတိုင်းမ် သတင်းဌာနမှ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်း လက်ခံဖြေကြားခြင်း မရှိပေ။

လက်ရှိတွင် မွန်ပြည်သစ်ပါတီ (NMSP)သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထား ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တင်း ပြည့်ကျပ်ပြည့် အဖွဲ့ဝင်အဖြစ်မှ ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့က နုတ်ထွက်ထားသည်။

အလားတူ စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အရ NCA လက်မှတ်ထိုးထားသည့် PPST အဖွဲ့ဝင် အပစ်ရပ် ငါးဖွဲ့တို့သည် နေပြည်တော်တွင် စစ်ကောင်စီ၏ NSPNC နှင့် ဇွန်လ ၂၆ ရက်မှ ဇွန်လ ၂၈ ရက်အထိ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မူပိုင်းဆိုင်ရာ သဘောတူချက် လေးချက်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ သဘောတူညီချက် ငါးချက်တို့ကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အပစ်ရပ် ငါး ဖွဲ့မှာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA-PC ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့-PNLO နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး-LDU တို့ ဖြစ်သည်။

ဓာတ်ပုံ-စစ်ကောင်စီ

#စစ်ကောင်စီNMSP #မွန်ပြည်သစ်ပါတီ #ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ #တွေ့ဆုံဆွေးနွေး #သဘောတူညီချက် #လက်မှတ်ရေးထိုး #Ayeyarwaddy_Times