ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်

ယခုတစ်ပတ်အတွင်း စားအုန်းဆီဈေးနှုန်း သိသိသာသာမြင့်တက်လာပြီး ဈေးကွက် အတွင်းလိုအပ်သလောက် ဝယ်ယူနိုင်ခြင်းမရှိဘဲ စားအုန်းဆီပြတ်လပ်နေကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန၏ ယနေ့ ဇူလိုင် ၇ ရက်နေ့ စုံစမ်းမေးမြန်းမှုအရ သိရသည်။

လက်ရှိတွင်စားအုန်းဆီကို ခွဲတန်းဖြင့်သာရောင်းချနေပြီး လိုအပ်သလောက်ဝယ်ယူ၍ မရကြောင်း၊ တချို့ကုန်စုံ ဆိုင်များတွင် စားအုန်းဆီဈေးနှုန်းမြင့်တက်နေသဖြင့် ဆီရောင်း ချမှု ရပ်နားထားကြောင်း လက်လီဈေးဆိုင်များထံမှ စုံစမ်းသိရသည်။

“ပေပါဈေးနဲ့ဆိုရင် တစ်ပေပါကို ကျပ် ၇၃၇,၀၀၀ ရှိတယ်။ အခုလောလော ဆယ်တော့ ဆီပြတ်လို့ ပစ္စည်းပြတ်သွားပြီ။ ညောင်ပင်လေးဈေးကလည်း ဆီလှမ်းဝယ်နေတာ။ အခုလောလောဆယ်ကုန်နေပြီ” ဟု စားအုန်းဆီလက်ကားဖြန့်ချီရေးဆိုင်က ပြောကြားသည်။

စားအုန်းဆီတစ်ပေပါတွင် ဆီပိဿာ ၁၁၀ ပါဝင်ပြီး တစ်ပိဿာ ကျပ် ၆,၇၀၀ ဈေးနှုန်းဖြင့် ဆီပေပါအလုံး ၃၀၀ အားလုံးကို ယမန်နေ့က အကုန်ရောင်းချလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဆိုင်မှသိရသည်။

“စားအုန်းဆီ ဈေးတက်တာက အဆမတန်ဘဲ၊ အခုဆိုပိုဆိုးပဲ။ ဝယ်မရလို့ မရောင်း တော့ဘူး။ အခုအရောဆီပဲ ရောင်းတော့တယ်။ ဟင်းသီးဟင်းရွက်ဆီပေါ့ ” ဟု ကြည့်မြင် တိုင်ရှိ လက်လီကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စားအုန်းဆီလက်လီတစ်ပိဿာလျှင် ကျပ် ၉,၅၀၀ ပတ်ဝန်းကျင်ရှိကြောင်း လက်လီဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

စစ်ကောင်စီသည် ဇူလိုင် ၃ ရက်မှ ၉ ရက်နေ့အထိ ရန်ကုန်အထိုင် စားအုန်းဆီ လက်ကား ရည်ညွှန်းဈေးနှုန်းအဖြစ် တစ်ပိဿာ ၄,၀၆၀ ကျပ် သတ်မှတ်ထားကြောင်းသိရသည်။

ပြည်တွင်းစားအုန်းဆီသုံးစွဲမှုအတွက် နှစ်စဉ်ပြင်ပမှ ဒေါ်လာ သန်း ၆၀၀ တန်ဖိုးတင် သွင်းနေရပြီး တင်သွင်းမှုကို လျော့ချရန်ရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုထားသည်။

ဓာတ်ပုံ – ဧရာ၀တီတိုင်းမ်

#စားအုန်းဆီဈေး #ဈေးကွက်တွင်ပြတ်လပ် #စျေးနှုန်းမြင့်တက် #ခွဲတမ်းဖြင့်ရောင်းချ #Ayeyarwaddy_Times