ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဇူလိုင်လ ၇ ရက်
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံစသည့်မြို့နယ်များရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများ၊ ရဲစခန်းများ၊ တပ်စခန်းများကို ဇူလိုင်လအစပိုင်းဝန်းကျင်ကစ၍ လုံခြုံရေးများတိုးမြှင့်ထားခိုင်းကြောင်း သိရသည်။
တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲမှ ရန်ကုန်-မော်လမြိုင်လမ်းမကြီးတစ်လျှောက် စစ်ရေးအရှိန်မြှင့်မည်ဖြစ်ကြောင်းကြေညာပြီးနောက် စစ်ကောင်စီက ဌာနဆိုင်ရာများလုံခြုံရေးတင်းကြပ်ကြရန်နှင့် တပ်တွင်းတွင်လည်းတပ်မိသားစုဝင်များ လက်နက်အပြည့်အစုံဖြင့် အသင့်အနေအထားပြုလုပ်ထားခိုင်းကြောင်း သိရသည်။
“စစ်ကောင်စီဘက်ကတော့ အမြဲဒီလိုပဲ။ ကျွန်တော်တို့အနေနဲ့ ဒရုန်းမစ်ရှင်လုပ်တယ်၊ လမ်းမှာဖြတ်တိုက်တာတွေရှိတယ်၊ ကင်းပုန်းတွေကိုတိုက်တယ်၊ ကားမိုင်းဆွဲတာမျိုးတွေရှိတယ်ဆိုရင် သူတို့ကအဲ့လိုလုံခြုံရေးတင်းကြပ်ဖို့ပြောပြီ။ စစ်တပ်ထဲမှာကအရင်တည်းက စစ်သားမိန်းမတွေ၊ သားသမီးတွေကကင်းစောင့်ရတာမျိုးရှိတယ်။ အခုလိုအခြေအနေဆိုရင်တော့ ပိုများလာမှာပဲ” ဟု သထုံခရိုင်
PDFတာဝန်ရှိသူ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ စစ်တပ်မိသားစုဝင်များကို သေနတ်ပစ်ခတ်နည်းများအပြင် လက်နက်ကြီးပစ်နည်းများပါ သင်ကြားထားပြီး စစ်မှုထမ်းဟောင်းများကိုလည်း အင်အားဖြည့်တင်းသည့်အနေဖြင့် ပြန်လည်ခန့်အပ်ထားကြောင်း သိရပြီး စစ်တပ်အရာရှိမိသားစုဝင်များမှာ တပ်အပြင်ရှိနေအိမ်များ၊ နီးစပ်ရာဟိုတယ်များတွင် ရှောင်တိမ်းနေထိုင်ကြကြောင်း သိရသည်။
“ကျိုက်ထိုဘက်က ကျေးရွာရဲစခန်းတွေမှာတော့ ရဲမိသားစုဝင်တွေ မရှိကြတော့ဘူး။ အထက်ကလုံခြုံရေးတင်းကြပ်ဖို့နဲ့ ရှောင်တိမ်းနေထိုင်ဖို့ပြောတယ်ဆိုပြီး ညဘက်တွေမှာရွာထဲကအိမ်တွေမှာလာအိပ်ကြတယ်။ ရွာထဲကသူတွေကလည်း နောက်ပိုင်းလက်မခံတော့ဘူးလို့ကြားတယ်”ဟု ကျိုက်ထိုဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မွန်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှု များလာသည့်အတွက် စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်များမှလည်း ဇူလိုင်လ ၃ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ မော်လမြိုင်မြို့များကို တော်လှန်ရေးအင်အားစုများမှ တိုက်ခိုက်မှုများပြုလုပ်နိုင်သည့်အတွက် လုံခြုံရေးတင်းကြပ်ရန်နှင့် အင်အားဖြည့်တင်းကြရန်လည်း ပြောဆိုထားသည်။
ထို့ပြင် စစ်ကောင်စီသည် ရဲစခန်း၊ တပ်စခန်းများပတ်ဝန်းကျင်တွင်လည်း မြေမြှုပ်မိုင်းများထောင်ထားပြီး တပ်တွင်းမှသူများပင်လျှင် အမှတ်အသားများသေချာကြည့်၍သွားလာနေရကြောင်း သိရပြီး တပ်မှထောင်ထားသည့်မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ပြီးခဲ့သည့်မတ်လအတွင်း ခမရ(၅၆၁)တပ်ရင်းမှ တပ်မိသားစုဝင်တစ်ဦးခြေထောက်ပြတ် ဒဏ်ရာရခဲ့သည့်ဖြစ်စဉ်များလဲရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ဓာတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းစောင့်နေပုံ(ပုံအဟောင်းကိုအသုံးပြုထားသည်)။
#ကျိုက်ထို #မွန် #စစ်ကောင်စီ #လုံခြုံရေးတင်းကြပ် #Ayeyarwaddy_Times