ဧရာဝတီတိုင်းမ်
(ရေး)၊ ဇူလိုင်လ ၇ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၊ (၁၄)မိုင်ကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် KNLAတပ်ရင်း(၂၇)၊ တပ်ခွဲ(၂)နှင့် YGF-ရေးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
စစ်ကောင်စီတပ်သားအင်အား ၁၀ ဦးရှိသည့် စစ်ကောင်စီပိုင် ဆက်သွယ်ရေး တာဝါတိုင် စခန်းကုန်းကိုလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် စီးနင်းခဲ့ရာ စခန်း သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း Ye Guerrilla Forceထံမှ သိရသည်။
“စခန်းသိမ်းနိုင်ခဲ့ပါတယ်။ ဆက်သွယ်ရေးအရာရှိတွေရှိနေတဲ့ ဆက်သွယ်ရေးစခန်းကုန်း ကိုပေါ့။ ညအချိန်ဖြစ်နေတဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်မှုကိုတော့ အတည်ပြု လို့မရနိုင်ခဲ့ဘူး။ အခုလက်ရှိ နောက်ဆက်တွဲ အခြေအနေလည်း မသိရသေးဘူး” ဟု Ye Guerrilla Force အဖွဲ့တာဝန်ရှိသူ ကဧရာဝတီတိုင်းမ်ကိုပြောသည်။
စခန်းဝင်ရောက်စီးနင်းသည့် အချိန်သည် ညအချိန်ဖြစ်၍ သေဆုံးဒဏ်ရာရသူများကို အတည်ပြုနိုင်ခြင်းမရှိပေ.
ကျန်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထွက်ပြေး တိမ်းရှောင်သွားပြီးနောက် တော်လှန်ရေး ပူးပေါင်းအဖွဲ့မှ စစ်ကောင်စီပိုင် ဆက်သွယ်ရေး တာဝါတိုင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။
ဝင်ရောက်စီးနင်းမှုအတွင်း ရှေ့ထွက်မိုင်း ၃ လုံး၊ကပ်သီး ၁၈ ခု၊ M-16ကျည် ၂၁၈ တောင့်၊ ၄၀မမ ကျည် ၂၀ လုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ ကျည်ဘောက် ၁၀ ခု၊ အီကွေမင့် ၂ စုံ၊ ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရေးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များ မကြာခဏတိုက်ပွဲများ ဖြစ်ပွား နေပြီး ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့ကလည်း ကလော့ကြီးရွာအနီးတွင် ကင်းလှည့် လာသည့် စစ်ကောင်စီကားတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ဓာတ်ပုံ – Ye Guerrilla Force
#မွန်ပြည်နယ် #ရေး #YGF #KNLA #တာဝါတိုင်စခန်း #စစ်ကောင်စီတပ် #စခန်းသိမ်း #လက်နက်ခဲယမ်းများ #Ayeyarwaddy_Times