ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၇ ရက်
ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၊သစ်တောရုံးအတွင်းထားရှိသည့် ဖမ်းဆီးရမိထားသော ကျွန်းသစ် ၈၅ တန်ကျော်ကို စစ်ကောင်စီတပ်နှင့် သစ်တောဌာနတို့ပေါင်းပြီးရောင်းစားလိုက်ကြောင်း ဌာနတွင်းနီးစပ်သူများထံမှသိရသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇူလိူင်လ၂၃ ရက်နေ့ တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွဲခြံမြစ်ရိုးအတွင်း စက်လှေအကြီး၂ စီးနှင့် ပြည်ပသို့ပို့ဆောင်မည့် ကျွန်းသစ် ၈၅ တန်ကျော်ကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သစ်တောဌာနနှင့်နီးစပ်သူများမှ ပြောသည်။
“ပြီးခဲ့တဲ့ နှစ် ၇ လပိုင်းက ဖမ်းထားတာ ကျွန်းတွေ ချည်းပဲ။ ရုံး၀န်းထဲမှာထားတာ ကားတွေနဲ့သယ်သွားတာ။ ဟိုလိုလိုဒီလိုလိုနဲ့ အပျောက် ရိုက်သွားတာ သစ်တောနဲ့စစ်တပ်ပေါင်းလုပ်ကြတာ”ဟု မော်လမြိုင်ကျွန်းမြို့နယ် သစ်တောဌာနနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ကျွန်းသစ်များဖမ်းမိချိန်တွင် စက်လှေပေါ်လိုက်ပါလာသည့် တရားခံ ၁၁ ဦးကိုထောင်ချအပြစ်ပေးခဲ့ကာ တင်ဆောင်လာတဲ့ သစ်များကိုသစ်တော၀န်းအတွင်းမှာထားရှိထားခြင်းဖြစ်ကြောင်းသိရသည်။
ကျွန်းသစ်များကို ဖမ်းစီးစဥ်က ဒေသခံတစ်ချို့ပါ၀င်ကူညီပေးခဲ့ပြီး ယခုလို သက်သေ အဖြစ်သိမ်းဆည်းထားသော ကျွန်းသစ်များကို စစ်ကောင်စီနှင့်ပေါင်းပြီး ရောင်းချ သောဖြစ်ရပ်အပေါ် ကျေနပ်မှုမရှိကြပဲ တိုင်ကြားဖို့ပြင်ဆင်နေကြောင်း သိရှိရသည်။
#မော်လမြိုင်ကျွန်းမြို့နယ် #ဖမ်းဆီးထားသည့်ကျွန်းသစ်များ #စစ်ကောင်စီတပ်ရောင်းစား #Ayeyarwaddy_Times