ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၇ ရက်

တရုတ်စစ်တပ်ဟာ တိုက်ခိုက်ရဲရမယ်လို့ ထိုင်ဝမ်ကျွန်းအနီးရှိ ဒေသတစ်ခုမှာ လှုပ်ရှားနေတဲ့ တပ်ဖွဲ့တွေ ကို စစ်ဆေးစဉ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲန်ယဲလန်ဟာ စီးပွားရေးဆက်ဆံမှု တည်ငြိမ်စေဖို့ရည်ရွယ်ကာ ဆွေး နွေးမှုတွေပြုလုပ်ဖို့ ပေကျင်းမြို့တော်သို့ ရောက်ရှိနေပြီး ထိုင်ဝမ်ရဲ့ အဓိက လုံခြုံရေးထောက်ပံ့ပေးသူ အမေရိကန် နိုင်ငံနဲ့ သံတမန်ဆက်ဆံမှု တင်းမာနေချိန် ရှီကျင့်ဖျင်က ထိုင်ဝမ်အနီးက တရုတ်တပ်ဖွဲ့ကို စစ်ဆေးခဲ့တာဖြစ်ပါ တယ်။

တရုတ်က ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ပြီး လိုအပ်ရင် အင်အားသုံးပြီး ထိုင်ဝမ်ကို ပြန်လည်သိမ်းပိုက်ဖို့ သံန္နိဌာန်ချထားပါတယ်။

တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်ရဲပြီး တိုက်ခိုက်ရေး တော်နေရမည်ဖြစ်ကာ အချုပ်အချာအာဏာကို ကာ ကွယ်စောင့်ရှောက်နိုင်ရမယ်လို့ အရှေ့ပိုင်းစစ်နယ်ဝန်းကို စစ်ဆေးစဉ် ရှီကျင့်ဖျင်က စစ်ဘက်ကိုယ်စားလှယ်တွေ ကို ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံဌာန CCTV က ဖော်ပြပါတယ်။

“ယနေ့အချိန်မှာ ကမ္ဘာကြီးဟာ ခေတ်သစ် အပြောင်းအလဲတစ်ရပ်ကို ရောက်ရှိနေပါပြီ။ တရုတ်နိုင်ငံရဲ့ လုံခြုံရေးအခြေအနေဟာ ပိုမို မတည်ငြိမ်ပြီး မသေချာမရေရာဖြစ်လာပါတယ်” လို့ ရှီကျင့်ဖျင်က ပြောပါတယ်။

စစ်တပ်ဟာ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေရဲ့ စစ်ပွဲအတွက် ပြင်ဆင်မှုနဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးရမှာဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပီလိုစီရဲ့ ပြီးခဲ့တဲ့နှစ် တိုင်ပေခရီးစဉ်ကို လက်တုံ့ပြန် မှုအဖြစ် တရုတ်နိုင်ငံက ပမာဏကြီးမားသော စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မှုနဲ့အတူ ထိုင်ဝမ်အရေးနဲ့ပတ်သက် လို့ တရုတ်နဲ့အမေရိကန်ကြား မကြာသေးမီနှစ်တွေအတွင်း တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

ပီလိုစီရဲ့နေရာဆက်ခံသူ ကီဗင်မတ်ကာသီက ထိုင်ဝမ်ခေါင်းဆောင် ဆိုင်အင်ဝမ်နဲ့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် တရုတ်တပ်ဖွဲ့တွေဟာ ဧပြီလအတွင်း ထိုင်ဝမ်ကျွန်းကို ပိတ်ဆို့ တိုက်ခိုက်တဲ့ သုံးရက်ကြာ ပုံစံတူစစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လ ပေကျင်းခရီးစဉ်အတွင်း ထိုင်ဝမ်ကျွန်းအနီး တရုတ်နိုင်ငံရဲ့ ရန်စတဲ့အပြုအမူတွေနဲ့ပတ်သက် လို့ စိုးရိမ်ပူပန်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ဖော်ပြောကြားပြီးနောက် ယဲလန်ရဲ့ခရီးစဉ် ဖြစ်လာခဲ့တာပါ။

ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ အပေးအယူလုပ်စရာမရှိဘူးလို့ တရုတ် နိုင်ငံတော်ကောင်စီဝန် ဝမ်ယိက တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ကိုးကား – AFP
Ref; ‘Dare to fight,’ Xi tells Chinese military

#Ayeyarwaddy_Times