ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဇူလိုင်လ ၇ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ တပ်မ (၄၄) ဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး ကျိုက်ထီးရိုးတောင်တက်လမ်းပေါ်ရှိ တံတားတစ်စင်းကို ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်အခြေစိုက် တပ်မ(၄၄)ဌာနချုပ်အား ယမန်နေ့ ည ၇ နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့်ဗုံးသီး ၃ လုံးချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ ထိခိုက်ပျက်စီးမှုများကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ကျိုက်ထီးရိုး တောင်တက်လမ်းပေါ်က တံတားကို ဖျက်ဆီးရတာကတော့ ကျိုက်ထီးရိုး ဘုရားရင်ပြင်နဲ့ပတ်ဝန်းကျင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို လက်နက် ခဲယမ်းပို့တာတွေ၊ ရိက္ခာပို့တာတွေရှိတယ်။ အဲ့တာကြောင့် ဖျက်ဆီးလိုက် ရခြင်းဖြစ်တယ်” ဟု သထုံခရိုင်PDF တာဝန်ရှိသူ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကင်မွန်ချောင်း-ကျိုက်ထီးရိုးတောင်တက်လမ်းသည် မိုးရာသီဖြစ်သောကြောင့် ခရီးသွားများ အသုံးပြုခြင်းမရှိဘဲ စစ်ကောင်စီက ထောက်ပို့လမ်းကြောင်း အဖြစ် အသုံးပြုနေ၍ စစ်ရေးပစ်မှတ်အနေဖြင့် လေးဖာတော တံတားကို ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး တံတားအလယ်တွင် ၆ ပေအကျယ် ကွဲအက်ကာ ကားများ သွားလာ၍ မရတော့ကြောင်း သိရသည်။
“ကျိုက်ထီရိုးတောင်ပေါ် စစ်တပ်စခန်းတွေကနေ ပစ်လိုက်တဲ့လက်နက်ကြီးတွေက ရွာထဲကို ကျရောက်ပေါက်ကွဲတာမျိုးတွေလည်းရှိတယ်” ဟု ကျိုက်ထိုဒေသခံအမျိုးသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ယမန်နေ့ ဇူလိုင်လ၆ ရက်နေ့၌ပင် KNLA၊ PDFတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် ခရီးသွားပြည်သူများထံမှ ငွေတောင်းခံနေသည့် ဘီးလင်းမြို့နယ် သံတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ခြောက်ကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီ၏တပ်လီဂရမ်ချန်နယ်
#ကျိုက်ထို #ဘီးလင်း #တပ်မ၄၄ #ကျိုက်ထီးရိုးတောင်တက်လမ်းတံတား #ဒရုန်း #တိုက်ခိုက် #Ayeyarwaddy_Times