ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၇ ရက်
တနင်္သာရီ တိုင်း၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသ၊သဲချောင်းရွာတွင် ဇူလိုင် ၄ ရက် မွန်းတည့် ၂ နာရီခန့်က နေအိမ်၌ ဖုန်းတစ်လုံးဖြင့် တစ်ယောက်တည်းကျန်နေသည့် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်မှာ ဖုန်းထားခဲ့ပြီး ပျောက်ဆုံးနေရာမှ ယမန်နေ့ ဇူလိုင် ၆ ရက်နေ့တွင် သေဆုံးလျက် ပြန်လည်တွေ့ရှိရကြောင်း ဖခင်ဖြစ်သူ ဦးဇော်လတ် ထံကသိရသည်။
သေဆုံးသူ ကလေးငယ် မနဒီ ရွှေစင် (၃)နှစ်၏ ရုပ်အလောင်း ကို ယမန်နေ့ နံနက် ၁၀ နာရီဝန်းကျင် ခန့်တွင် နေအိမ်နှင့် မနီးမဝေး အရှေ့တောင် အရပ်ဖက်လယ်ကွင်းအနီး ရေထဲတွင် မြက်ပင် ကိုင်လျက် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော့် သမီးက သာမန်ရေနစ်ပြီးသေဆုံးတာပဲဖြစ်ပါတယ်။ သမီးငယ်လေးက သူ့အမေ ပြန်မလာတာကြာလို့ အိမ်ကနေလိုက်သွားရင်း ရေမြောင်းထဲကို ကျပြီးဆုံး သွားတာပါ။ အရင်ကလည်း နွားကျောင်းရင် သူ့အမေနဲ့ အဲဒီနေရာကိုသွားနေကျပေါ့။ သူ့အမေ အိမ်ပေါ်ကနေ ဆင်းသွားတဲ့လမ်းကိုသူသိတယ်။ ဒါကြောင့်သူလိုက်သွားတာ။ သူ့အမေ နွားရှာသွား တာက တစ်လမ်း ၊နွားကိုတွေ့ ပြီးပြန်လာတာကတစ်လမ်းဆိုတော့ သမီးငယ်လေး လိုက်သွားတဲ့လမ်းနဲ့လွဲသွားတာပေါ့။ ကျွန်တော်သမီးက ရိုးရိုးသာမန်ရေနစ်ပြီး သေဆုံးသွားတာဖြစ်တယ်” ဟုဖခင်ဖြစ်သူ ဦးဇော်လတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပျောက်ဆုံးသွားသည့် ကလေးငယ်၏ အလောင်းကိုသေဆုံးလျက် ပြန်လည် တွေ့ရှိသော ကြောင့် ကံပေါက်တိုက်နယ်ဆေးရုံသို့ သယ်ဆောင်ကာ ဆရာဝန်၏ ဆေးစစ်ချက် အဖြေကိုရယူခဲ့ပြီး သဲချောင်းရွာ သုသာန်တွင် ချက်ခြင်း သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
သမီးငယ် မနဒီ ရွှေစင် ပျောက်ဆုံးသွားသည့်အတွက် အနီးအနားကျေးရွာများ ဖြစ်ကြသည့် သဲချောင်း၊ သဘွတ်ချောင်း၊ ရေဘူး၊ ဒိုးဖာ၊ ကောင်းမှု၊ ဖောင်းတော အစရှိသည့် ရွာများမှ ဒေသခံများ လာရောက်ရှာဖွေပေးခဲ့ပြီး ကလေးငယ်သေဆုံး သွားတဲ့နေရာ သည် နေအိမ် ၁၀ မိနစ်ခန့်သာ ဝေးကွာကြောင်းသိရသည်။
ပုံစာ-သေဆုံးသူ မနဒီရွှေစင်
#ရေဖြူမြို့နယ် #ကံပေါက် #သဲချောင်းရွာ #၂ရက်ကြာပျောက်ဆုံး #၃နှစ်အရွယ် သမီးငယ် #သေဆုံး #Ayeyarwaddy_Times